DVB Logo
Home
မြန်မာသတင်း
ရသေ့တောင်တွင် အကြမ်းဖက်မှုကြောင့် ဒေသခံ ရာနှင့်ချီ နေရပ်စွန့်ခွာ
DVB
·
August 6, 2017
ရသေ့တောင်တွင် အကြမ်းဖက်မှုကြောင့် ဒေသခံ ရာနှင့်ချီ နေရပ်စွန့်ခွာ
Donate to DVB

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျေးရွာတွေက ဒေသခံတချို့ အကြမ်းဖက် သတ်ဖြတ်ခံရပြီးနောက် ဒေသခံ ၃၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးလာနေကြတယ်လို့ ရသေ့တောင်မြို့နယ်မဲဆန္ဒနယ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က ပြောပါတယ်။

“လတ်တလော ဒုက္ခသည်အခြေအနေကတော့ ရွာလုံးကျွတ်လာသလို လောလောဆယ် သုံးရွာပေါင်း အိမ်ထောင်စု ၉၂ စု လောက် ပြေးလာတာပေါ့။ လူဦးရေ ၃၀၀ ကျော် ၄၀၀ နီးပါးလောက် ရှိမှာပေါ့။ စေတီပြင် ကျေးရွာကို ပြေးလာကြတာပေါ့။”

ကိုင်းကြီးကျေးရွာက မြိုမျိုးနွယ်စုဝင် ၆ ယောက်ကို အကြမ်းဖက်သမားတွေက သတ်ဖြတ်ခဲ့လို့ သေဆုံးခဲ့ရပြီးနောက် ရခိုင်တိုင်းရင်းသား လူနည်းစုကျေးရွာဖြစ်ကြတဲ့ ချွတ်ပြင်၊ ပိတောက်မြိုင်၊ ပြင်ရှည်၊ အောင်ဇေယျ စတဲ့ ကျေးရွာတွေက ဒေသခံတွေ ကြောက်လန့်ပြီး စေတီပြင်ကျေးရွာကို နေရပ်စွန့်ခွာ ထွက်ပြေးလာနေတာပါ။

ထွက်ပြေးတိမ်းလာတဲ့ ချွတ်ပြင်ကျေးရွာက သက်တိုင်းရင်းသား၊ ကျေးရွာလူကြီး၊ ဦးထွန်းသာလှက “ကျနော်တို့ရွာက မောင်သန်းဋ္ဌေး ပျောက်ဆုံးသွားတဲ့ကိစ္စနဲ့ ပတ်သတ်လို့ ကျနော်တို့လည်း အရမ်းစိုးရိမ်နေရတယ်။ ရင်လေးနေရတယ်။ နေရင်းထိုင်းရင်း ကိုင်းကြီးကျေးရွာမှာ လူ ၆ ဦး အသတ်ခံရတယ်လို့ ကျနော်တို့ကြားတယ်။ ကျနော်တို့ အရမ်းကိုစိုးရိမ်နေပြီ။ အရမ်းကို ရင်တက်မအေးဖြစ်နေရပြီ၊ ဒီဒေသအရပ်တွေမှာ လူတွေ မရှိကြတော့ဘူး။ အကုန်ထွက်ပြေးသွားကြပြီ” လို့ ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်လာတဲ့ သူတွေကို စေတီပြင်ကျေးရွာမှာနေရာချထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၄ ရက်နေ့က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ အောက်နန်းရာကျေးရွာအတွင်း အကြမ်းဖက်အဖွဲ့အား ငွေကြေးထောက်ပံ့နေသူတွေကို သွားရောက်ဖမ်းဆီးတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လူအုပ်စုကြီးက ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ပြီး အဲဒီကျေးရွာမှာလည်း လုံခြုံရေးတွေ အထူးတင်ကြပ်ထားတယ်လို့ ဦးသန်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။

“အကြမ်းဖက် RSO သောင်းကျန်သူတွေက အဲဒီ အောက်နန်းရွာမှာ ရောက်ရှိနေတယ်လို့ ကျနော်တို့ အတိအကျ သတင်းရရှိလို့ အဲဒီမှာ ရဲက တရားခံတွေကို ဝင်ရောက်သွားဖမ်းတာ။ အကြမ်းဖက်သမားတွေကို သွားဖမ်းတာပါ။ သွားဖမ်းတာမှာ အဲဒီမှာ ခြောက်ယောက် ဖမ်းမိတယ်။ မော်လဝီဆရာကို သွားဖမ်းဖို့ လုပ်တဲ့အခါမှာ အဲဒီရွာက လူတွေက ဝိုင်းလာပြီးတော့ ပြဿနာ ရှာတာ။ လက်နက်၊ လက်နက်ဆိုတာ ဂျင်ကလီတွေနဲ့ အများဆုံး သုံးကြတယ်လို့ ပြောတယ်။ အဲဒီလိုဝန်းပြီးဖမ်းတဲ့အခါမှာ နှစ်ယောက်လွတ်သွားပါတယ်။ လက်တလော လုံခြုရေးတွေ ဆောင်ရွက်နေတာကတော့ ဒီကနေ့ (သြဂုတ် ၅ ရက်) တပ်ရင်း တရင်းရောက်တယ်။ အဲဒီရွာကို ပြန်ဝိုင်းတယ်။ လွတ်သွားတဲ့သူတွေကို ရှာတာပေါ့နော်။ ရှာလို့ မတွေ့ဘူး။ လွတ်တဲ့သူတယောက်ကိုတော့ မိတယ်။ ဒီတော့ ဖမ်းလို့ ရတာ ၅ ဦးဖြစ်သွားတာပေါ့။”

ဖမ်းဆီးရရှိထားတဲ့ အကြမ်းဖက်သမားတွေကို စေတီပြင်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ထွက်ပြေးနေတဲ့ တရားခံတဦးကိုလည်းလိုက်လံရှာဖွေနေပါတယ်။

သတ်ဖြတ်ခံခဲ့ရတဲ့ မြိုတိုင်းရင်းသား ၆ ဦးကိုတော့ သြဂုတ်လ ၄ ရက်နေ့က မြေမြုပ်သဂြုင်္ိဟ်ပေးခဲ့ပြီး ဒေသခံထောင်ချီ အသုဘကို လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။ ပျောက်ဆုံးနေတဲ့ အမျိုးသမီး နှစ်ယောက်ထဲက တယောက်အလောင်းကိုတော့ ပြန်တွေ့ပြီဖြစ်ပြီး ကျန်တဦးကိုတော့ ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။

သတင်း- ဝဏ္ဏခွာညို- ဓာတ်ပုံ ဒီဗွီဘီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013