DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့နယ်တွင် ပျောက်ဆုံးနေသည့် ကျောင်းဆရာတဦး သေဆုံးလျက်တွေ့ရှိ
DVB
·
August 5, 2017
ဖြူးမြို့နယ်တွင် ပျောက်ဆုံးနေသည့် ကျောင်းဆရာတဦး သေဆုံးလျက်တွေ့ရှိ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် ကညွတ်ကွင်းမြို့လေဒုန်းကျေးရွာအုပ်စု၊ သစ်ချဆိပ် ကျေးရွာရှိ အ.မ.က မူလွန်ကျောင်းအုပ်ဆရာတဦး ပျောက်ဆုံးနေရာမှ သုံးရက်အကြာ သြဂုတ် ၄ ရက် မနက် ၁၂ နာရီလောက်က ကညွတ်ကွင်းမြို့ နတ်လောင်းရွာအနီး ကွင်းချောင်းထဲမှာ သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့ရတယ်လို့ ရဲက ပြောပါတယ်။

သေဆုံးမှုဖြစ်စဉ်နဲ့ပတ်သက်လို့ ကညွတ်ကွင်းနယ်မြေရဲစခန်းမှ လူသတ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့်လှစ်ပြီး သံသယရှိတဲ့ လူတွေကိုလည်း ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဖြူးမြို့နယ် ရဲတပ်မှူးရုံးမှ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"အခုအချိန်အထိ စစ်ဆေးနေပါတယ်။ အဓိကတရားခံကတော့ ဖိုးငိုတို့လင်မယားပါ။ ယောက်ျားလုပ်သူကတော့ ငြင်းနေတယ်၊ မိန်းမလုပ်သူကတော့ဖြေပါတယ်။ အဲဒီညက သူတို့အိမ်မှာ ဆရာကြီးနဲ့အရက်သောက်ကြတာလည်း မှန်တယ်၊ ပြီးတော့ ရန်ဖြစ်ကြတယ်ဆိုတာလည်း မှန်ပါတယ်။ သူ့ယောက်ျားက ကန်လိုက်လို့ ဆရာကြီးနှာခေါင်းထဲက သွေးတွေကျလာတယ်၊ ပြီးတော့ ဆရာကြီးက အိမ်နောက်ဘက် ဆင်ပြေးတယ်၊ ဖိုးငိုက အိမ်ရှေ့ကပတ်ပြီး လိုက်တယ်၊ ဒါကိုသူတွေ့တယ်။ ပြီးတော့ ဆရာကြီးက ချောင်းထဲကို အရင်ကျသွားတယ်၊ နောက်က သူ့ယောက်ျားကျသွားတယ်၊ ခဏနေတော့ သူ့ ယောကျာ်းက ပြန်တက်လာတယ်၊ ဆရာကြီးကတော့ ပြန်တက်မလာတော့ဘူး၊ ပြီးတော့ သူ့ယောက်ျားက ရေစိုကြီးနဲ့တက်အိပ်နေတယ်လို့ ထွက်ဆိုပါတယ်။ အိမ်ပေါ်မှာလည်း သွေးကွက်တွေ တွေ့ပါတယ်။"

ဖြစ်စဉ်မှာ ကျောင်းအုပ်ဆရာ ဦးဖိုးတာ (ခ) မြင့်သိန်းထွန်းဟာ သြဂုတ် ၂ ရက်နေ့က လေဒုံးကျေးရွာအုပ်စု မအူပင်ကျေးရွာနေ ဦးဖိုးငို၏နေအိမ်မှာ ဦးဖိုးငို၊ ဇနီး ဒေါ်အေးသိန်း၊ သမက် ရွှေတိုးတို့နဲ့အတူ အရက်အတူသောက်ခဲ့ကြောင်း၊ ည ၁၁ နာရီအချိန် လောက်မှာ ဦးဖိုးငိုရဲ့ နေအိမ်မှာ ရန်ဖြစ်သံတွေကြားခဲ့ရတယ်လို့ ပတ်ဝန်းကျင်နေအိမ်တွေကို မေးမြန်းချက်အရ သိရပါတယ်။

ဒီနောက်မှာတော့ ကျောင်းအုပ်ဆရာ ပျောက်ဆုံးနေလို့ သြဂုတ် ၃ ရက်နေ့မှာ ဇနီးဖြစ်သူ ဒေါ်ခင်မာရီက ကညွတ်ကွင်းနယ်မြေရဲစခန်းမှာ လူပျောက်တိုင်ကြားခဲ့လို့ လူပျောက်အမှတ်စဉ် ၃/၂၀၁၇ နဲ့ ကနဦး အမှုဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း ကညွတ်ကွင်းနယ်မြေရဲတပ်ဖွဲစခန်းက ဆိုပါတယ်။

သြဂုတ် ၄ ရက်နေ့မှာတော့ ကျောင်းအုပ်ဆရာကြိးအား ကွင်းချောင်းထဲ သေဆုံးလျှက်တွေ့ရှိခဲ့ပြီး အလောင်းကို ကညွတ်ကွင်းပြည်သူဆေးရုံ ပို့ဆောင်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အလောင်းအား စစ်ဆေးခဲ့တဲ့ ကညွတ်ကွင်းတိုက်နယ်ဆေးရုံမှ ဒေါက်တာ မောင်မောင်မြတ်ဗိုလ်သူက “အလောင်းကလည်း အလွန်ပဲ ပုပ်ပွနေတယ်။ ဘာကြောင့် သေဆုံးရလဲဆိုတာကတော့ ဒဏ်ရာဒဏ်ချက်က သေစေလောက်တဲ့ ဒဏ်ရာဒဏ်ချက်လည်း မရှိတဲ့အတွက် လောလောဆယ်တော့ ဘာကြောင့် သေဆုံးရခြင်းဖြစ်တယ်ဆိုတာကတော့ အတိအကျ ပြောလို့ မရသေးပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး တောင်ငူခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ကွင်းဆင်းစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ပြီး ကညွတ်ကွင်းနယ်မြေ ရဲတပ်ဖွဲ့စခန်းက ရာဇသတ်ကြီးပုဒ်မ-၃၀၂/၁၁၄ နဲ့ အမှုဖွင့်လှစ်ကာ ဦးဖိုးငိုနဲ့ ဇနီးတို့ကို စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သတင်း-ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013