တောင်းဆိုချက် လိုက်လျောမှ ကြေးသွန်းဘုရားက သပိတ်စခန်း ပိတ်သိမ်းမည်
DVB
·
August 5, 2017

အမျိုးသားရေးလှုပ်ရှားသူတွေလို့ အမည်ခံထားတဲ့ သံဃာနဲ့ လူတချို့တို့ ဖွင့်လှစ်ထားတဲ့ ရန်ကုန်မြို့ ကြေးသွန်းဘုရားဝင်ပေါက်က သပိတ်စခန်းကို သြဂုတ်လ ၅ ရက်နေ့မနက်အထိ ဆက်လက် ဖွင့်ထားဆဲ ဖြစ်ပြီး တောင်းဆိုချက်တွေ လိုက်လျောမှ ပိတ်သိမ်းမယ်လို့ သံဃာတပါးက မိန့်ပါတယ်။
သြဂုတ်လ ၄ ရက်နေ့က ရန်ကုန်ုတိုင်း သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နဲ့ တွေ့ဆုံပြီး သပိတ်စခန်းကိုယ်စား လှယ်သံဃာသုံးပါးက သပိတ်စခန်းကို သြဂုတ်လ ၄ ရက်ညနေပိုင်းမှာ ဖျက်သိမ်းမယ်လို့ ဝန်ခံကတိလက်မှတ်ထိုးခဲ့ပါတယ်။
ဒါပေမယ့် အခုလိုတွေ့ဆုံမှုဟာ လေးစားမှုအရ တွေ့တာဖြစ်ပြီး သာသာနာရေးဝန်ကြီး သူရဦးအောင်ကိုကို အမြန်ဆုံးဖြုတ်ချပေးဖို့ အပါအဝင် သူ့တို့တောင်းဆိုတဲ့ အချက် ၃ ချက်ကို လိုက်လျောပေးမှသာ သပိတ်စခန်းပိတ်သိမ်းပေးမယ်လို့ သပိတ်စခန်းဖွင့်လှစ်ရာမှာ ပါဝင်တဲ့ ဦးပညာဝံသက ပြောဆိုခဲ့ပါတယ်။
ကြေးသွန်းဘုရား ဝင်ပေါက် သပိတ်စခန်းဖွင့်လှစ်ရာမှာ ပါဝင်တဲ့ ဦးပညာဝံသဟာ မေ ၁၁ ရက်နေ့ညက မင်္ဂလာတောင်ညွန့်မြို့နယ် မြယာကုန်း ပဠိပက္ခဖြစ်စဉ်ကြောင့် ဖမ်းဝရမ်းထုတ်ခံရသူစာရင်းမှာ ပါဝင်သူဖြစ်ပါတယ်။
မန္တလေးမြို့မှာ အလားတူတောင်းဆိုမှုတွေပြုလုပ်နေတဲ့ သပိတ်စခန်းကိုတော့ သြဂုတ် ၅ ရက်မနက် အစောပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူတွေက ဝင်ရောက်ရှင်းလင်းမှုတွေပြုလုပ်ပြီး ပါဝင်သူတွေကို ထိန်းသိမ်းခဲ့ပါတယ်။