DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်အဖွဲ့များနှင့်ဆွေးနွေးပွဲ တိုးတက်မှုရှိဟု အစိုးရငြိမ်းချမ်းရေးကော်မရှင်ပြော
DVB
·
August 4, 2017
အပစ်ရပ်အဖွဲ့များနှင့်ဆွေးနွေးပွဲ တိုးတက်မှုရှိဟု အစိုးရငြိမ်းချမ်းရေးကော်မရှင်ပြော
Donate to DVB

အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ ဆွေးနွေးပွဲ အပြုသဘောဆောင်ပြီး တိုးတက်မှုရှိတယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

ဒီနှစ်ကုန်ပိုင်း နောက်တကြိမ် ထပ်မံကျင်းပဖို့ရှိတဲ့ ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်တဲ့အနေနဲ့  အစိုးရငြိမ်းချမ်းရေးကော်မရှင်ကိုယ်စားလှယ်အဖွဲ့နဲ့  အန်စီအေ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးဆိုင်ရာအလုပ်အဖွဲ့ PPWT ကိုယ်စားလှယ်တို့ မနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ပြီးခဲ့တဲ့ မေလက ကျင်းပပြီးစီးသွားတဲ့ ၂၁ ရာစု ပင်လုံညီလာခံ (ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ) ပေါ် ပြန်လည်သုံးသပ်ခြင်း၊ လာမယ့် နှစ်ကုန်ပိုင်း ထပ်မံ ကျင်းပဖို့ရှိတဲ့ ညီလာခံအောင်မြင်အောင်ဆောင်ရွက်ရေးနဲ့ တပြည်လုံးအပစ်ခတ်ရပ်စာ ချုပ်လက်မှတ် မရေးထိုးရသေးတဲ့အဖွဲ့တွေ ပါဝင်လာအောင် ကြိုးပမ်းရေးတွေ ဆွေးနွေးခဲ့တယ်လို့  ငြိမ်းချမ်းရေးကော်မရှင်ကိုယ်စားလှယ် ဦးလှမောင်ရွှေက ဆွေးနွေးပွဲအပြီး သတင်းထောက်တွေကို ပြောပါတယ်။

“ဒီကနေ့ဆွေးနွေးနိုင်တာကတော့ သူတို့အနေနဲ့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (ပီပီအက်စ်တီ) ရဲ့ စဉ်းစားချက်တွေကို  အကြမ်းဖျဉ်းအားဖြင့် တင်ပြတယ်။ ကျနော်တို့ ဘက်ကလည်း ကျနော်တို့ စဉ်းစားထားတဲ့အချက်တွေကို ညှိတယ်ပေါ့။ အချို့လုပ်ငန်းစဉ်မှာ အခက်အခဲဖြစ်တာကို ဘယ်လိုညှိနှိုင်းကြမလဲ၊ လာမယ့် ညီလာခံမှာ လုပ်ငန်းစဉ်တွေ ဒီထက်ပိုအောင်မြင်အောင်ပေါ့၊  သူတို့ဘက်က အမျိုးသားဆင့်နိုင်ငံရေး ဆွေးနွေးပွဲ မလုပ်နိုင်သေးတဲ့အပေါ် ဆွေးနွေးတာမှာ ကျနော်တို့ဘက်ကလည်း လာမယ့်ကာလမှာ ချောချောမွေ့မွေ့ဖြစ်သွားအောင် ညှိနှိုင်းပေးမယ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တပြည်လုံး အပစ်ခတ်ရပ် လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ ပါဝင်လာရေးဆွေးနွေးတယ်။ အဲဒီအပစ်မရပ်အဖွဲ့တွေနဲ့ ဘယ်ချိန်ဘယ်လိုတွေ့မလဲဆိုတာ မနက်ဖြန်မှာ သူတို့အဖွဲ့နဲ့ ဆွေးနွေးဖို့ရှိပါသေးတယ်။ ဒီကနေ့ ဆွေးနွေးပွဲကတော့ အလွတ်သဘော ဆွေးနွေးညှိနှိုင်းတာပဲမို့ ဆုံးဖြတ်ချက်မရှိဘူး။ ဆွေးနွေးတာတော့ အများကြီးပေါ့၊ အသေးစိတ်တွေတော့ ပြောလို့မရဘူး။ ရလဒ်က ယုံကြည်မှုတည်ဆောက်တယ်၊ ပြည်ထောင်စုသဘောတူချက်မှာ အနှစ်အရသာတွေရအောင် ကြားထဲမှာ အဟန့်အတားဖြစ်နိုင်တဲ့အရာတွေ ဆွေးနွေးတာပေါ့၊ နှစ်ဘက်အမြင်တွေကို ညှိတာဖြစ်တယ်။ ဒါတွေကို သူတို့ဘက်ကလည်း ပီပီအက်စ်တီကို  ပြန်တင်ပြမယ်၊ ကျနော်တို့ဘက်ကလည်း (ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ-UPWC ) ကို  ပြန်တင်ပြမယ်။”

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရသေးတဲ့ ဒေသတွေမှာလည်း အမြန်ဆုံးကျင်းပသွားနိုင်ရေး ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲမှာ မြန်မာငြိမ်းချမ်းရေးကော်မရှင်ဘက်က  ဦးခင်ဇော်ဦး၊  ဦးအောင်ကြည်၊  ဦးအောင်စိုး၊ ဒေါက်တာမင်းဇော်ဦး၊  ဦးလှမောင်ရွှေ၊ ဦးကျော်လင်းဦး တို့ပါဝင်ပြီး အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကတော့ ပဒိုကွယ်ထူးဝင်း ဦးဆောင်တဲ့ ကိုယ်စားလှယ် ၇ ဦး တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဟာ ဒီကနေ့မှာလည်း ဆက်လက်ပြီး အန်စီအေ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (ယူအန်အက်ဖ်စီ) ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (ဒီပီအန်) နဲ့  ချင်းမိုင်မှာ အလွတ်သဘော ဆွေးနွေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013