DVB Logo
Home
မြန်မာသတင်း
တနိုင်းတွင် ဆန်တင်သွင်းခွင့်မရ၍ ဆန်ဈေးကမောက်ကမဖြစ်
DVB
·
August 2, 2017
တနိုင်းတွင် ဆန်တင်သွင်းခွင့်မရ၍ ဆန်ဈေးကမောက်ကမဖြစ်
Donate to DVB

ဆန်တင်သွင်းခွင့် ကန့်သတ်ခံထားရတဲ့ ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ အခုလပိုင်းတွေမှာ ဆန်တင်သွင်းခွင့်မရသေးတဲ့အတွက် ဆန်ဈေးတွေ ကမောက်ကမဖြစ်ပြီး လူထုအတွက် စားဝတ်နေရေးအခက်ခဲ ကြုံတွေ့ရမယ့်အခြေအနေ ရင်ဆိုင်နေရတယ်လို့ တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးက ပြောပါတယ်။

“ကျနော်တို့ တနိုင်းမြို့နယ်မှာ မြို့ ၂ မြို့ရှိတယ်။ တနိုင်းမြို့နဲ့ ရှင်ဘွီယန်မြို့ပေါ့နော်။ အဲမှာ ရွာလေးတွေရှိကြတာပေါ့။ ခါတိုင်းဆိုရင် မြို့ ၂ မြို့လုံးကို ခွဲတမ်းတွေချပေးတယ်။ အဲလိုခွဲတမ်းပေးတဲ့ဥစ္စာကို ရှင်ဘီယန်ဘက်ခြမ်းကိုပေးတယ်။ ကျနော်တို့ တနိုင်းဘက်ကိုတော့ ရနေကျဥစ္စာကို မပေးတော့ဘူး၊ ဒီ ၇ လပိုင်းမှာ။ တနိုင်းနဲ့ အနီးနားပတ်ဝန်းကျင်ကရွာတွေကို ချန်ထားတဲ့ သဘောပေါ့။ အဲအချိန်ကျတော့ ဆန်ဈေးတွေက ကမောက်ကမဖြစ်တာပေါ့ဗျာ။”

ဒီလိုဆန်တင်သွင်းခွင့်မပေးတာကြောင့် သာမန်လူတွေစားတဲ့ ငွေတိုးဆန်ဟာ အရင် တအိတ်ကို ၂၅၀၀၀ ကနေ အခု ၄၅၀၀၀ လောက်အထိ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနား-နမ္မတီ-တနိုင်း-နန်းယွန်း-ပန်ဆောင်လမ်းမှာ သွားလာနေတဲ့ ဆန်နဲ့စက်သုံး ဆီကားတွေကို အစိုးရတပ်က ပြီးခဲ့တဲ့ ၂၀၁၆ ခု နိုဝင်ဘာလက စတင်ပိတ်ပင်ကန့်သတ်ခဲ့ပါတယ်။

ဆန်နဲ့စက်သုံးဆီတွေ လွတ်လွတ်လပ်လပ် သယ်ယူခွင့်ပြုဖို့ ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့က လွှတ်တော်မှာ မေးမြန်းရာမှာတော့ ကန့်သတ်ပိတ်ပင်တာ မရှိဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီးက ဖြေဆိုခဲ့ပါတယ်။ တနိုင်း၊ နန်းယွန်းနဲ့ ရှင်ဗွေယန်မြို့နယ်ခွဲတွေကို လိုအပ်ချက်ထက် ပိုသွင်းလာတဲ့ ဆန်နဲ့ စက်သုံးဆီတွေဟာ KIA/KIO (ကချင်) ထိန်းချုပ်နယ်မြေတွေကို ရောက်သွားတတ်လို့  နယ်မြေလုံခြုံရေးအရ စိစစ်ဆောင်ရွက်နေတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိအနေအထားမှတော့ ပယင်းမော်တွေ မရှိတော့ပေမယ့် ကန့်သတ်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ ဦးလင်းလင်းက ပြောပါတယ်။

“ဆန်တွေက ရှားလို့လည်း ဈေးက တက်လာတောပေါ့။ လိုသလောက် မရတဲ့အနေ အထားလေး ရှိတာပေါ့။ အဲအချိန်ကျတော့ ပြည်သူတွေကလည်း ကျနော်တို့ကိုပြောပြီပေါ့ဗျာ။ ရှင်းရှင်းပြောရရင် သူတို့နိုင်တာဆိုလို့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေပဲ နိုင်တာကို အဲချိန်ကျတော့ ပြော။ လွှတ်တော်မှာလည်း ကျနော် ကြယ်ပွင့်ပြမေးခဲ့ပြီးပြီ။ အခုကတော့ ဘာမှမထူးတဲ့အပြင် နည်းနည်း ပိုဆိုးတဲ့အနေအထားတောင် ဖြစ်လာသလားလို့။ ”

တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဒုဦးစီး ဦးအေးထွန်းစိုးကတော့ တနိုင်းအတွက် ဆန်တင်သွင်းခွင့်ကို ဇွန်နဲ့ ဇူလိုင် ၂ လ မရတဲ့အတက်ွ ဆန် အနည်းငယ်ရှားပါးနေပေမယ့် သူ့ဟာသူ လည်ပတ်နေတယ်လို့ ပြောပါတယ်။

“အခုနေကတော့ သူ့ဟာသူလည်ပတ်နေပါတယ်။ ဒါပေမယ့် ခုဏက ပြောသလို တရားဝင်မဟုတ်ဘဲ ဒီတိုင်းပဲ သူ့ဟာနဲ့သူသယ်နေတယ်လည်း တချို့ရှိတယ်ဗျာ။ အဲဒါမျိုးရှိတယ်လို့ ကျနော်တို့ သိရတယ်ပေါ့ဗျာ။ တအားကြီးတော့လည်း အခြေအနေမဆိုးသေးပါဘူးဗျာ။”

ကချင်ပြည်နယ် မြစ်ကြီးနား-နမ္မတီ-တနိုင်း-နန်းယွန်း-ပန်ဆောင်လမ်းမှာ သွားလာနေတဲ့ ဆန်နဲ့စက်သုံးဆီ ကားတွေကို အစိုးရတပ်က ပိတ်ပင်တားဆီးတဲ့အတွက် အမြန်ဖယ်ရှားပေးဖို့ တနိုင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဇန်န၀ါရီလတုန်းက ကာကွယ်ရေးဦးစီးချုပ်ထံ စာရေး တောင်းဆိုခဲ့ပါတယ်။

ဒီလိုတောင်းဆိုပြီးနောက်ပိုင်း အကြောင်းမထူးတဲ့အတွက် မေလတုန်းက လွှတ်ကိုတင်ခဲ့ပေမယ့် အချိန်ထိ ဘာမှ ထူးမလာဘူးလို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013