DVB Logo
Home
မြန်မာသတင်း
ဖစ်ခ်ျဘူရီခရိုင်တွင် မြန်မာလုပ်သား ၅၀ ကျော် လုပ်အားခမရ၍ အခက်ကြုံနေ
DVB
·
August 2, 2017
ဖစ်ခ်ျဘူရီခရိုင်တွင် မြန်မာလုပ်သား ၅၀ ကျော် လုပ်အားခမရ၍ အခက်ကြုံနေ
Donate to DVB

ထိုင်းနိုင်ငံအနောက်ပိုင်း ဖစ်ခ်ျပူရီခရိုင် ချအမ်းမြို့နယ်ထဲမှာ မြန်မာအလုပ်သမားပေါင်း ၅၀ ကျော် လုပ်အားခမရတဲ့အတွက် အေအေစီ မဟာမိတ်အလုပ်သမားကူညီရေးအဖွဲ့ကို တိုင်ကြားခဲ့ပါတယ်။

အဲဒီအလုပ်သမားတွေဟာ ချအမ်းမြို့ ပင်လယ်ကမ်းခြေအနီး ရှစ်ထပ်ဟိုတယ်သစ် ဆောက်လုပ်ရေးလုပ်ငန်းခွင်က ဆေးသုတ်အလုပ်သမားတွေဖြစ်ပြီး သူတို့လုပ်အားခ ပြန်လည်ရရှိဖို့အတွက် သြဂုတ် ၁ ရက်နေ့က ထိုင်းအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးဌာနကို တိုင်ကြားပေးခဲ့တယ်လို့ အေအေစီ မဟာမိတ်အဖွဲ့ တာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။

"အဲဒီလုပ်ငန်းခွင်မှာ အလုပ်သမားဦးရေကတော့ ကမ္ဘောဒီးယားတွေရော၊ မြန်မာတွေရော ၃၀၀ ကျော်ရှိတယ်။ အဲဒီထဲက  မြန်မာ ၂၀၀ ကျော်ထဲက အလုပ်သမား ၅၀ ကျော်ပဲ ကျနော်တို့ကို ဆက်သွယ်တယ်၊ လုပ်ခမရတဲ့အကြောင်းပေါ့။ ကျန်တဲ့ ၁၅၀ ကတော့ လုပ်အားခမရလို့ စိတ်ဓာတ်တွေကျပြီး တချို့က ပြန်ကုန်ပြီ။ တချို့ကလည်း နေရာသစ်တွေ၊ အလုပ်သစ်တွေ ပြောင်းကုန်ကြတယ်။ ဒီ ၅၀ ကတော့ ကျနော်တို့အဖွဲ့ကို ဖုန်းဆက်ပြီး အကူအညီ တောင်းတဲ့အတွက် အခုပဲ ဖစ်ခ်ျပူရီခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးမှာ လာပြီး တိုင်ကြားပေးနေပါတယ်။"

အဲဒီအလုပ်သမားတွေမှာ လုပ်အားခ အပြည့်မရတဲ့သူတွေရော၊ လုံးဝမရတဲ့သူတွေပါ ပါရှိပြီး အားလုံးတွက်ကြည့်ရင် အလုပ်ရှင်ဆီက ဘတ် ၁ သန်းနီးပါး ရဖို့ရှိတယ်လို့ အလုပ်သမားတဦးဖြစ်သူ ကိုမော်စီက ဒီဗွီဘီကို ပြောပါတယ်။

"ကျနော်ကတော့ ရှမ်းပြည်နယ် ဟိုပုံးမြို့ကလာတာပါ၊ ဒီကုမ္ပဏီမှာ လုပ်လာတာ ၃ နှစ်ရှိပြီ။ ပထမ ၂ နှစ်က အဆင်ပြေတယ်၊ ခုနှစ်ထဲမှာ လုပ်ခရှင်းပေးတာ မမှန်တော့ဘူး၊ သုံးလေးခါ ခွဲပေးတယ်၊  အပြည့်လည်း မပေးဘူး။ ကျနော်ဆိုရင် တလခွဲစာ ရဖို့ရှိတယ်၊ နှစ်သောင်းနဲ့ ရှစ်ထောင်။ ကျန်တဲ့လူတွေက လုပ်အားခ မတူဘူး။ ယောကျာ်းက တနေ့ ၂၆၀၊ မိန်းမက ၂၄၀။ လာတာက တချို့က တနှစ်ကျော်၊ တချို့က လပိုင်းပဲ။ အကုန်လုံး စုစုပေါင်းလိုက်ရင် ရစရာတွေက ၁ သန်းလောက်ရှိမယ်၊ အလုပ်က မန်နေဂျာကိုမေးတော့လည်း ဘာမှကောင်းကောင်းအဖြေမရဘူး။"

ဖစ်ခ်ျပူရီ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးကတော့ သူတို့ ကိုယ်ရေးအချက်အလက်နဲ့ ရစရာရှိတဲ့ ငွေစာရင်းတွေ ယူထားပြီး အလုပ်ရှင်ကို   ခေါ်ယူညှိနှိုင်းပေးမယ့်အကြောင်း၊ အလုပ်ရှင်က ၁ လအတွင်း ညှိနှိုင်းလို့မရတာ၊ တိမ်းရှောင်နေတာရှိရင်တော့ အလုပ်သမားဥပဒေနဲ့အညီ အရေးယူပေးသွားမယ်လို့ ပြောကြောင်း ကိုရဲမင်းက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013