
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် သာစည်-တောင်ကြီးလမ်း ကျွဲတပ်ဆုံတိုးဂိတ်မှာ ဇူလိုင် ၃၁ ရက် မနက် ၂ နာရီခွဲလောက်က တောင်ကြီးဘက်က ဆင်းလာတဲ့ ဒိုးကလေးအန်စာ တုံးကားပေါ်က ကျပ်သိန်း ၄၀ ကျော်တန်ဖိုးရှိ အမည်းရောင်ဘိန်းစိမ်းတွေ ဖမ်းမိတယ်လို့ သာစည်မြို့မ ရဲစခန်းက ပြောပါတယ်။
ကားပေါ် ခုံအမှတ် ၇ မှာ လိုက်ပါလာတဲ့ မိုးဗြဲမြို့နေ ကျော်လှကို အမည်းရောင်ဘိန်းစိမ်း ၂၇ ဒသမ၃ ကီလိုဂရမ်နဲ့အတူ ဖမ်းမိပါတယ်လို့ ဆိုပါတယ်။
ကျော်လှရဲ့ ထွက်ဆိုချက်အရ ယာဉ်မောင်းနားကခုံမှာ လိုက်လာတဲ့ တရပ်တည်းနေ ကျော်ဦး (ခ)ဇော်ဦး ပစ္စည်းတွေဖြစ်တယ်လို့ သိရတာကြောင့် ကျော်ဦးကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒုရဲအုပ်မောင်မောင်ဝင်းက "မူးယစ်တပ်ဖွဲ့ ရဲအုပ်အောင်ဇော်မြင့်နဲ့ ပူးပေါင်း ဖမ်းပါတယ်။ ကျော်လှထိုင်ခုံအောက် ခရီးဆောင်အိတ်ထဲက ဘိန်စိမ်း ၁၁ ဒသမ ၇ ကီလိုဂရမ် တွေ့တယ်၊ ၁၇၅၅၀၀၀ ကျပ်တန်ဖိုးသင့်တယ်။ ထိုင်ခုံ နောက်ကျော ပလတ်စတစ်လက်ဆွဲခြင်းထဲက ၇ ဒသမ ၈ ကီလိုဂရမ် တန်ဖိုး ၁၁၇၀၀၀၀ ကျပ်သင့်တယ်၊ ဒဂုံဘီယာဂျပ်ဖာထဲက ၇ ဒသမ ၈ ကီလိုဂရမ် တန်ဖိုး ၁၁၇၀၀၀၀ ကျပ်သင့်တယ်၊ ပေါင်း ၂၇ ဒသမ ၃ ကီလိုဂရမ်၊ ကျပ်သိန်းပေါင်း ၄၀ ကျော်ဖိုး ဖမ်းမိတယ်" လို့ ပြောပါတယ်။
သာစည်မြို့မရဲစခန်းက ကျော်လှနဲ့ ကျော်ဦး (ခ) ဇော်ဦးတို့ နှစ်ဦးလုံးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ သုံးစွဲမှု/လက်ဝယ်ထားမှု/ထုတ်လုပ်ဖြန့်ဖြူးမှု ၁၅/၁၉(က)/၂၁ တို့နဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)











