
မြိတ်မြို့နယ်၊ ပင်းအိုကျေးရွာအုပ်စု ပင်းအိုရွာရှိ ကြက်ခြံတခြံမှာ မွေးမြူရေးကြက ၅၀၀ ကျော် သေဆုံးခဲ့ပြီး ခြံပိုင်ရှင်ရဲ့ သားဖြစ်သူကိုလည်း မြိတ်မြို့ပြည်သူ့ဆေးရုံကြီးမှာ အပြင်းဖျားဝေဒနာနဲ့ ကုသပေးထားရတယ်လို့ သိရပါတယ်။
ပင်းအိုရွာရှိ ကြက်ခြံပိုင်ရှင် ဦးနောင်ပိန်ရဲသားဖြစ်သူ အသက် ၁၄ နှစ်အရွယ် ၉ တန်း ကျောင်းသားဇော်မိုးဦးကိုလည်း အပြင်းဖျားဝေဒနာခံစားရတဲ့အတွက် မြိတ်ပြည်သူ့ဆေးရုံကြီးရှိ ဖျားနာဆောင်မှာ ကြပ်မတ်ကုသပေးကာ သူ့ရဲ့လည်ချောင်းအတွင်းပိုင်းမှ အရည်ကိုစုတ်ယူပြီး H1N1 နဲ့ H5N1 ဗိုင်းရပ်ပိုး ရှိ/မရှိ ကို ရန်ကုန်မြို့ကို ဓာတ်ခွဲစမ်းသပ်ဖို့ ပို့ဆောင် စစ်ဆေးထားတယ်လို့ မြိတ်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
ပင်းအိုရွာရှိ ကြက်အကောင်ရေ ၅၅၀ မှာ တရက်ခြားသေဆုံးခဲ့ပြီး လက်ကျန်ကြက်တွေ အပါအ၀င်ကြက်ကောင်ရေ ၇၀၀ ကျော်ကို မြေမြုပ်တာတွေနဲ့ မီးရှို့ဖျက်ဆီးတာတွေ ဆောင်ရွက်ခဲ့ တယ်လို့ မြိတ်မြို့နယ် တိမွေး/ကု ဒုဦးစီးမှူးက ပြောပါတယ်။
မြိတ်မြို့နယ် တိမွေး/ကု ဒုဦးစီးမှူး ဒေါက်တာသန့်ဇင်လင်းက “ပင်းအိုရွာကို ကျနော်တို့ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးချက်အရ ကြက်သေဆုံးတာက အကောင်ရေ ၅၅၀ ရှိပါတယ်။ ကျန်တာ ၂၄၀ ကို မီးရှို့ဖျက်ဆီးပစ်လိုက်ပါတယ်။ ကြက်ခြံတခုလုံးကို ရှင်းလင်းလိုက်ပါတယ်။ ရောဂါလက္ခဏာကတော့ ကြက်ငှက်တုပ်ကွေး မဟုတ်ဘူးဆိုတာ သေချာပေါက်ပြောရဲပါတယ်။ ခြံပိုင်ရှင်ရဲ့ စီမံခန့်ခွဲမှုအားနည်းတာရယ်၊ ကြက်ဝမ်းပျက်တာကို ပိုးသတ်ဆေးတွေ အလွန်အကျွံ သုံးတာရယ်ကြောင့် သေဆုံးမှုများခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ ကြက်သေကို ထားဝယ်က တိုင်းဒေသကြီးရုံးကို ပို့ပေးလိုက်တယ်။ အဲဒီကနေတဆင့် ဇူလိုင်လ ၃၁ မှာ ရန်ကုန်ကိုပို့ပေးလိုက်ပါပြီ။ ဓာတ်ခွဲစမ်းသပ်ချက်ကို အချိန်နဲ့ တပြေးညီ သတင်းထုတ်ပြန် ပေးပါ့မယ်”လို့ ပြောပါတယ်။
ဒေါက်တာသန့်ဇင်လင်းက “ကြက်ခြံပိုင်ရှင်ရဲ့သားက အခြေအနေမကောင်းဘူးဆိုပြီး ကောလာဟလသတင်းတွေ ထွက်လာပါတယ်။ ဒါပေမယ့် စိုးရိမ်စရာမရှိပါဘူး။ ပြည်သူ့ဆေးရုံကြီး ကလည်း ကျန်းမာရေးအခြေအနေ စိုးရိမ်စရာမရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ကျနော်တို့လည်း ကြက်တွေသေဆုံးမှု ဖြစ်ခဲ့တဲ့ ပင်းအိုရွာမှာ အသိပညာပေးဟောပြောပွဲတွေ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာ၊ ကြက်ခြံနဲ့ ဘေးပတ်ဝန်းကျင်နေရာတွေကို ရောဂါ မပြန့်အောင် ပိုးသတ်ဆေးဖြန်းတာတွေ ဆောင်ရွက်ပေးနေပါတယ်။ လက်ရှိ အနေအထား မှာတော့ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိပါဘူး”လို့ ပြောပါတယ်။
ထားဝယ်မှာ ဖြစ်ပွားနေတဲ့ ကြက်ငှက်တုပ်ကွေးနဲ့ပတ်သက်ပြီး ခရိုင်ချင်းနီးကပ်နေတဲ့ မြိတ်ခရိုင်မှာ ကြိုတင်ကာကွယ်မှုကို တာဝန်ရှိသူတွေက နေ့စဉ်ဆောင်ရွက်နေပြီး တခြားမြို့တွေက ၀င်ရောက်လာမယ့် ၀က်၊ ကြက်နဲ့ ကြက်ဥတွေကို စစ်ဆေးတားဆီးနေရတယ်လို့ သိရပါတယ်။
သတင်း - မြတ်ထွဋ် (မြိတ်)











