
၇၈ နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့ အထိမ်းအမှတ် အခမ်းအနားကို ကရင်နီဒေသမှာ ပြုလုပ်ခဲ့တယ်လို့ ကရင်နီပြည်တပ်မတော် KA တပ်ရင်း ၅ က သြဂုတ် ၁၇ ရက်က ထုတ်ပြန်ပါတယ်။
၇၈ နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်မှာ တပ်ရင်းအတွက်နဲ့ ပြည်သူတွေအတွက် ကြိုးပမ်းအားထုတ်ခဲ့တဲ့ ရဲဘော်ရဲဘက်တွေကို အသိအမှတ်ပြုပြီး ရှေ့ခရီးလမ်းတွေကိုလည်း စည်းလုံးညီညွတ်စွာနဲ့ တာဝန်ထမ်းဆောင်သွားမယ်လို့ သိရပါတယ်။
KA တပ်ရင်း ၅ ပြန်ကြားရေးတာဝန်ရှိသူက “ကျနော်တို့ ကရင်နီတပ်မတော်ရဲ့ ၇၈ နှစ်ပြည့် တပ်မတော်နေ့ပေါ့။ ကျနော်တို့ကတော့ ဒီတိုင်း တပ်မတော်နေ့မှာ ကျနော်တို့တပ်ရင်းက ရန်သူ့ဆီကနေ သိမ်းဆည်းရတဲ့ လက်နက်တွေအားလုံး ပြန်စုပြီး မှတ်တမ်းတင်တာပါ။ ၂၁ နွေဦးတော်လှန်ရေးကတော့ ကျနော်တို့အတွက် အားအရဆုံးနဲ့ လူအစုံဆုံးရယ် လူအင်အားကော နည်းပညာ အားအရဆုံးပါပဲ။ လူမျိုးပေါင်းစုံနဲ့ တူတူလုပ်ဆောင်ရတာလည်း တော်တော် ကောင်းမွန်တဲ့လက္ခဏာရပ်တခုလို့ မြင်ပါတယ်” လို့ ပြောပါတယ်။
တိုက်ပွဲတွေအတွင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်ရဲဘက် သူရဲကောင်းတွေရဲ့ သတ္တိ၊ စွန့်လွှတ်အနစ်နာခံမှုနဲ့ မဆုတ်မနစ်တဲ့ စိတ်ဓာတ်တွေကို အမြဲလေးစားဂုဏ်ပြုပြီး ဆက်လက်ပါဝင်နေတဲ့ ရဲဘော်ရဲဘက်တွေကိုလည်း လေးစားဂုဏ်ပြုတယ်လို့ ပြောပါတယ်။
KA တပ်ရင်း ၅ တည်ထောင်တာ ၄ နှစ်ရှိလာခဲ့ပြီး ကရင်နီပြည်နယ်ရဲ့ ရှေ့တန်းတိုက်ပွဲတွေတိုင်းမှာ ပါဝင်တိုက်ခိုက်နေသလို အခက်အခဲတွေကိုလည်း ရင်ဆိုင်ဖြတ်သန်းနေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေကိုလည်း စနစ်တကျထိန်းသိမ်းပြီး မြေပြင်မှာ ပြန်လည်အသုံးပြုနေသလို အကျိုးအမြတ်အတွက် ရောင်းချတာတွေ မလုပ်ဘူးလို့ ဆိုပါတယ်။











