
ရသေ့တောင်မြို့နယ်မှာ ချွတ်ပြင်ချောင်းမှာ ဇူလိုင် ၃၁ ရက်နေ့က လူသေအလောင်း ၃ လောင်းတွေ့ရှိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ချွတ်ပြင်ကျေးရွာအုပ်စု ချွတ်ပြင်ကျေးရွာ အရှေ့ဘက် ၁ မိုင်လောက်အကွာ ချွန်ပြင်ချောင်း (ခ) ဇော့ပြင်ချောင်းထဲမှာ ဇူလိုင် ၃၁ ရက် မွန်းလွဲ ၂ နာရီက လည်ပင်းဖြတ်ခံထားရပြီး ဦးခေါင်းမပါပုပ်ပွနေတဲ့ အမျိုးသားအလောင်း ၂ လောင်းနဲ့ ပြတ်လုနီးပါး ဦးခေါင်းပါပုပ်ပွနေတဲ့ အမျိုးသားအလောင်း ၁ လောင်း စုစုပေါင်း လူသေအလောင်း ၃ လောင်းကို တွေ့ရှိရမိခဲ့တာပါ။
တွေ့ရှိတဲ့ အလောင်း ၃ လောင်းမှာ ရသေ့တောင်မြို့နယ် အထက်နန်းရာအုပ်စု၊ နီလင်းပေါ်ကျေးရွာနေ အီမန်နူဆော (၅၄ နှစ်)၊ နော်ရာကင်း (၁၈ နှစ်)နဲ့ နိုရာလောင် (၁၅ နှစ်) တို့ဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။
အလောင်း ၃ လောင်းကို ရသေ့တောင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ အမှုဖွင့် စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။










