DVB Logo
Home
မြန်မာသတင်း
အီးတူထာအိုင်ဒီပီစခန်းတွင် အထောက်အပံ့များ လုံးဝပြတ်တောက်တော့မည်
DVB
·
July 31, 2017
အီးတူထာအိုင်ဒီပီစခန်းတွင် အထောက်အပံ့များ လုံးဝပြတ်တောက်တော့မည်
1 / 4
Donate to DVB

 

နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ မြန်မာဒုက္ခသည်တွေကို နိုင်ငံတကာက ကူညီ ထောက်ပံ့မှုတွေ လျော့ချဖြတ်တောက်နေရာမှာ ဖာပွန်ခရိုင်အတွင်းရှိ အီးတူထာ အိုင်ဒီပီစခန်းကို ထောက်ပံ့နေမှုတွေ လာမယ့် စက်တင်ဘာလကုန်မှာ လုံးဝပြတ်တောက်သွား တော့မယ်လို့  ကရင်အမျိုးသားအစည်းအရုံး (ဖာပွန်ခရိုင်)က ကြေညာပါတယ်။

ဇူလိုင် ၂၆ ရက်က ကေအန်ယူ ဖာပွန်ခရိုင်အလုပ်အမှုအဆောင်တွေနဲ့ ကရင်အရပ်ဖက် လူထုအဖွဲ့အစည်း ၁၀ ဖွဲ့တို့ တွေ့ဆုံဆွေးနွေးအပြီး အခုလို ထုတ်ပြန်လိုက်တာပါ။

မြန်မာနိုင်ငံတွင်း နိုင်ငံရေးအာမခံချက်နဲ့  စစ်မှန်တဲ့ ငြိမ်းချမ်းရေးမရရှိသေးဘဲ ပြည်တွင်းနေ ရပ်စွန့်ခွာသူတွေနဲ့ ဒုက္ခသည်တွေကို ပြန်လည်ပို့ဆောင်တာတွေမလုပ်ဖို့ ကရင်အမျိုးသား အစည်းအရုံး (ဖာပွန်ခရိုင်)က ဖာပွန်ခရိုင်ဗဟိုကော်မီတီဝင် ပဒိုနေသဘလေးကပြောပါတယ်။

“ကေအန်ယူရဲ့ရပ်တည်ချက်က နံပတ် ၁ နိုင်ငံရေးပြဿနာ မပြေလည်သရွေ့မှာဆိုရင် ဒုက္ခသည်ရော၊ ပြည်တွင်းဒုက္ခသည်ရော ပြန်မပို့ရဘူး။ အထူးသဖြင့်ဒုက္ခသည်တွေပေါ့လေ။ ဒါပေမယ့်အခု အထူးသဖြင့် ပြည်တွင်းဒုက္ခသည်တွေက သူတို့ပြန်မယ့်နေရာက သူတို့ မပြန်ရဲတာ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးတည်ငြိမ်မှုက မသေချာသေးဘူး။  နောက်တချက်က တပ်စခန်းတွေကလည်း အရွှေ့အပြောင်းတွေ မရှိသေးဘူးပေါ့လေ။ တပ်စခန်းတွေက ဘယ်မှာ တည်သလဲဆိုရင် ပြည်တွင်းဒုက္ခသည်တွေ ပြန်ရမယ့် သူတို့ရဲ့ရွာတွေ၊ သူတို့ရဲ့ လုပ်ကိုင် စားသောက်တဲ့မြေတွေ တည်ရှိနေတယ်ပေါ့လေ။ ဆိုတော့ သူတို့က မပြန်ရဲဘူး” လို့ ပြောပါတယ်။

အစိုးရနဲ့ ကေအန်ယူအကြား အပစ်ခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း ပြည်သူတွေ အနေနဲ့ အရင်ကထက်စာရင် လွတ်လွတ်လပ်လပ်လှုပ်ရှားသွားလာလို့ရမယ့် ဒုက္ခသည်တွေ နေရပ်ပြန်လည်အခြေချနေထိုင်ဖို့ကတော့အများစုက စိုးရိမ်ကြောက်လန့်နေကြတယ်လို့လည်း ပဒိုနေသဘလေး ကပြောပါတယ်။

ဒုက္ခသည်တွေနေရပ်ကို စိုးရိမ်စရာမရှိဘဲ ပြန်လာနိုင်ဖို့အတွက်  ယုံကြည်မှု တည်ဆောက်နိုင်ရေး အစိုးရတပ်စခန်းတွေကို အမြန်ဆုံးရုပ်သိမ်းပေးဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာအလှူရှင်တွေအနေနဲ့လည်း မြန်မာပြည်တွင်း နိုင်ငံရေးအာမခံချက်နဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးမဖြစ်ထွန်းသေးတဲ့အချိန်ကာအတွင်း ပြည်တွင်းနေရပ်စွန့်ခွာသူတွေကို ဆက်လက် ကူညီထောက်ပံ့ပေးဖို့၊ လက်ရှိ အီးတူထာစခန်းရှိ ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး အပါအ၀င်အကူအညီတွေကို အရင်အတိုင်း ဆက်လက်ထောက်ပံ့ပေးဖို့လည်း တောင်းဆို ထားပါတယ်။

စစ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေခဲ့ရသူတွေ နေရပ်ပြန်နိုင်ရေးအတွက် အစိုးရတပ်က ဆုတ်ခွာပေးဖို့နဲ့ မြေမြှုပ်မိုင်းတွေ ရှင်းလင်းပေးဖို့ နေရပ်စွန့်ခွာပြေးနေရတဲ့ အီးတူထာ ဒုက္ခသည် တွေဟာ မေ ၂၄ ရက်က ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ပါတယ်။

အီးတူထာ ဒုက္ခသည်စခန်းဟာအစိုးရတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံးအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ၂၀၀၆ ခုနှစ်ကစတင်တည်ရှိလာတာဖြစ်ပြီး လတ်တလောမှာ တော့ လူပေါင်း ၂၉၀၀ကျော် ခိုလှုံနေပါတယ်။

ဓာတ်ပုံ - KESAN

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013