ဧရာဝတီတိုင်းတွင် A (H1N1) ရောဂါကြောင့် သေဆုံးသူ ၆ ဦးရှိပြီ

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရာသီတုပ်ကွေးရောဂါ A (H1N1) ဖြစ်ပွားသူ ၁၃ ဦးရှိပြီး သေဆုံးသူ ၆ ဦး ရှိတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးမှာ ဇူလိုင် ၃၁ ရက်နေ့က ကျင်းပတဲ့ A(H1N1) ဖြစ်ပွားမှု လက်ရှိအခြေအနေနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။
ဇူလိုင် ၃၀ ရက်နေ့အထိ စာရင်းတွေအရ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ H1N1 ဖြစ်ပွားသူ ၁၃ ဦးနဲ့ သေဆုံးသူ ၆ ဦးထိရှိလာတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွန်ကြားရေးမှူးဒေါက်တာထွန်းမြင့်က ပြောပါတယ်။
ပုသိမ်မြို့နယ်မှာ ၆ ဦးဖြစ်ပွား ၁ ဦးသေဆုံး၊ ညောင်တုန်းမြို့နယ်မှာ ၂ ဦးဖြစ်ပွား ၁ ဦးသေဆုံး၊ ဒေးဒရဲမြို့နယ်မှာ ၁ ဦးဖြစ်ပွား ၁ ဦးသေဆုံး၊ ပန်းတနော်မြို့နယ်မှာ ၁ ဦးဖြစ်ပွား ၁ ဦးသေဆုံး၊ ကျုံပျော်မြို့နယ်မှာ ၁ ဦးဖြစ်ပွား ၁ ဦးသေဆုံး၊ ဖျာပုံမြို့နယ်မှာ ၂ ဦးဖြစ်ပွား ၁ ဦးသေဆုံး နဲ့ ရေကြည်မြို့နယ်မှာ ၁ ဦးဖြစ်ပွားခဲ့တယ်လို့ ဒေါက်တာထွန်းမြင့်ကပြောပါတယ်။
လက်ရှိအချိန်မှာတော့ ဧရာဝတီတိုင်းဒေသကြီးအနေနဲ့ H1N1 ဖြစ်ပွားမှုဟာ ရန်ကုန်တိုင်း ဒေသကြီးပြီးရင် ဒုတိယဖြစ်ပွားမှု အများဆုံးဖြစ်နေတာပါ။ တိုင်းဒေသကြီးအတွင်းမှာတော့ ဝန်ကြီးချုပ်ဦးဆောင်ပြီး အသိပညာပေးလုပ်ငန်းတွေကို အရှိန်အဟုန်မြင့်ဆောင်ရွက်နေပါတယ်။











