
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲမှာ ဇူလိုင် ၂၁ ရက် ညနေမှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင်ပြည်သူတယောက် သေဆုံးပြီး တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ Wetlet Informational Network ဆီကနေ သိရပါတယ်။
ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး (စဥ့်ကူး) တာဝန်ရှိသူတယောက်က “စဥ့်ကူး အနောက်တောင်ခြမ်းမှာရှိတဲ့ ကျွန်းကြီးရွာ ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲနေကြတဲ့ အထိုင်စစ်တပ်က နေ့လယ် ၁ နာရီလောက်ကစပြီး အဲဒီ ကျွန်းကြီးရွာရဲ့ အနောက်ဘက်က ရွာတွေဘက်ကို ၄ လက်ဒရုန်း အကြီးစားတစီး လွှတ်ထားပြီးတော့ ညနေပိုင်းမှာ အနောက်ခြမ်းက ကြက်တူရွေးရွာကို ဗုံးကြဲသွားတယ်လို့ သိရတာပါ။ ဗုံးကြဲသွားတာက ညနေ ၆ နာရီကျော်လောက်တော့ ရှိမယ်ဗျ။ ကျွန်းကြီးရွာ ဘုန်းကြီးကျောင်းကို သူတို့ဘက်က အင်အားတွေလည်း ထပ်တိုးနေတယ်။ ရွာတွေဘက်ကို စစ်ကြောင်းထွက်မဲ့ပုံစံလည်း ရှိနေတယ်” လို့ ပြောပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်နေရင်း ရိက္ခာဝင်ယူတဲ့ လင်မယား ၂ ယောက် ဗုံးစထိမှန်ပြီး အမျိုးသမီးဖြစ်သူ သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။
Wetlet Informational Network ရဲ့ တာဝန်ခံ ကိုနဂါးလေးက “သူတို့တွေ စစ်ဘေးရှောင်နေတာ တလကျော်လောက် ကြာလာတော့ သူတို့လင်မယားက ရွာထဲပြန်ဝင်ပြီး စားနပ်ရိက္ခာ ပြန်ဝင်ယူတဲ့အချိန် ဒရုန်းနဲ့ဗုံးကြဲဝာာ ခံလိုက်ရတာပါ။ သူတို့ ၂ ယောက်ထဲက အမျိုးသမီးဖြစ်သူ ဆုံးသွားပြီးတော့ သူ့အမျိုးသားလည်း ဒဏ်ရာရပါတယ်။ အခုဖြစ်စဥ်နဲ့ မရှေးမနှောင်းဘဲ အဲဒီ ကျွန်းကြီးရွာဘုန်းကြီးကျောင်းထဲမှာ တပ်စွဲနေကြတဲ့ စစ်သားတွေကပဲ လက်ပန်ဇင်ရွာနားလေးကို ဒရုန်းနဲ့ ဗုံးထပ်ကြဲသွားသေးတယ်၊ မြေပြင်အခြေအနေတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
ဗုံးစထိမှန် သေဆုံးသွားသူဟာ အသက် ၅၀ ဝန်းကျင် ဒေါ်ဝင်းဌေး ဖြစ်ပြီး သူ့ရဲ့အမျိုးသား ဦးမျိုးမင်းဦး ကတော့ ဆေးကုသမှု ခံယူနေတယ်လို့ သူက ဆက်ပြောပါတယ်။
စဥ့်ကူးမြို့နယ် အနောက်ခြမ်းက ကြက်တူရွေးကျေးရွာ အပါအဝင် ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေအပြင် ဒရုန်းတွေနဲ့ပါ ဗုံးကြဲချတာတွေကို စစ်တပ်ဘက်က အကြောင်းမဲ့ ပြုလုပ်နေတာကြောင့် ဒေသခံပြည်သူတွေဟာ ကျေးရွာတွေအတွင်းမှာ မနေရဲကြဘဲ ဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်ကလည်း စဉ့်ကူးမြို့နယ်ထဲက လက်ပန်လှကျေးရွာမှာ တပ်စွဲနေကြတဲ့ စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဆင်သေကျေးရွာနဲ့ ရွာတော်ကျေးရွာတွေဘက်ကို ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၇ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။











