DVB Logo
Home
မြန်မာသတင်း
လွှတ်တော်အမတ်ကို ဖေ့စ်ဘွတ်ခ်ပေါ်ဝေဖန်တိုက်ခိုက်ခဲ့သူအား ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်
DVB
·
July 31, 2017
လွှတ်တော်အမတ်ကို ဖေ့စ်ဘွတ်ခ်ပေါ်ဝေဖန်တိုက်ခိုက်ခဲ့သူအား ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်
Donate to DVB

လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်မှာ အဆင့်အတန်းမရှိတဲ့ အရက်သမားအရူးဘုံမြောက် ဆိုပြီး ဝေဖန်တိုက်ခိုက်ရေးသားခဲ့သူကို လွှတ်တော်ကိုယ်စားလှယ်က ပုမ်မ ၆၆ (ဃ) နဲ့ အမှုဖွင့် တရားစွဲလိုက်ပါတယ်။

ဇွန် ၂၈ ရက်နေ့ကစပြီး မုတ္တမမြို့၊ ကော့စိုင်ရပ်ကွက်နေ Lar Htar Kay အကောင့်ပိုင်ရှင် ဦးအောင်ဆန်းဦး (ပြည်သူ့အကျိုးပြုတက်ကြွလှုပ်ရှားသူ) ဟာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ "အဆင့်အတန်းမရှိတဲ့၊ အရက်သမား၊ အရူးဘုံမြောက်" ဆိုပြီး တိုက်ခိုက်ရေးသားခဲ့လို့ တနိုင်ငံလုံးအနှံ့အပြား သိရှိခဲ့ကြောင်း၊ ဒါဟာ ဆန္ဒမဲပေးရွေးချယ်ခဲ့တဲ့ ပြည်သူလူထုကိုလည်း "အရူး" ဆိုပြီး ခိုင်းနှိုင်းပြောဆိုရာရောက်ခဲ့တာကြောင့် ဂုဏ် သိက္ခာများစွာ ကျဆင်းခဲ့ရတာကြောင့် ဇူလိုင် ၂၇ ရက်နေ့က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့် တရားစွဲဆိုရတာလို့ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အမှတ် ၂ မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပြောပါတယ်။

"ဇော်ဇော်ထူးကို စော်ကားရင်တော့ အကြောင်းမဟုတ်ဘူး။ ခုဟာက ကိုယ်စားလှယ်ကို ဂုဏ်သိက္ခာထိခိုက်အောင် စော်ကားတာပါ။ နောက်ပြီး မဲပေးခဲ့တဲ့ ပြည်သူလူထုကို ‘အရူး’ နဲ့ ခိုင်းနှိုင်းတဲ့ စကားလုံးက မသင့်တော်ပါဘူး။ ဒါကြောင့်မို့ ခုလို ဆက်သွယ်ရေးဥပဒေနဲ့ စွဲဖြစ် သွားတာပါ။ ကျနော့်အနေနဲ့ ပုဂ္ဂိုလ်ရေးအရတော့ ဘာမှမဖြစ်ပါဘူး။ ဥပဒေလမ်းကြောင်းအတိုင်းပဲ သွားမှာပါ" လို့ ပြောပါတယ်။

အမှုဖွင့် တရားစွဲခံရတဲ့ Lar Htar Kay အကောင့်ပိုင်ရှင်ဖြစ်သူ ဦးအောင်ဆန်းဦးက "သူ့ဘက်က ကျနော့်ကို စွပ်စွဲပြောဆိုနေတာက အကြိမ်ကြိမ်အလီလီရှိပါပြီ။ ကျနော့်ဘက်က လည်း ဒီကိစ္စကို ထိပ်တိုက်ရှင်းလင်းချင်လို့ ဆက်သွယ်ခဲ့တာ ဘယ်လိုမှဆက်သွယ်လို့ မရခဲ့ပါဘူး။ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အရက်မူးပြီး လိုက်ပြောနေမယ်ဆိုရင် အရက်သမားနဲ့ အရူးဆိုတာ တူတူပဲ။ ကိုယ်လုပ်ချင်တာလုပ်ပြီးရင် ဘုံပျောက်သလို၊ မှန်သလိုနဲ့ လုပ်နေကြတာ။ တကယ်တမ်းထိပ်တိုက်ရင်ဆိုင်ဖို့ ကမ်းလှမ်းတော့လည်း သူ့ဘက်ကရင်မဆိုင်ရဲဘူး။ သူနဲ့ မျက်နှာချင်းဆိုင်ထိပ်တိုက်ရှင်းချင်လို့ ကျနော့်ရဲ့ ဖေ့စ်ဘွတ်ခ် အကောင့်မှာ တရားဝင် မှန်မှန်ကန်ကန်တင်ခဲ့တာပါ" လို့ ပြောပါတယ်။

Lar Htar Kay အကောင့်ပိုင်ရှင်ဖြစ်သူ ဦးအောင်ဆန်းဦးအား ပေါင်မြို့မရဲစခန်းက (ပ) ၂၅၂/၂၀၁၇၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်တရားစွဲဆိုထားတယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

သတင်း-ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013