
Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ဦးဆွေဝင်းကို မနေ့ညက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ တားဆီးပြီး မင်္ဂလာဒုံရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
ဦးဆွေဝင်းဟာ ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ Myanmar now ရုံးကို တာဝန်တွေ လွှဲပြောင်းပေးဖို့ အသွားမှာ အရင်စွဲဆိုထားတဲ့ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) အမှုနဲ့ပဲ ရန်ကုန်လေဆိပ်မှာ အဖမ်းခံရတာဖြစ်တယ်လို့ ရှေ့နေဖြစ်သူ ဦးခင်မောင်မြင့်က ပြောပါတယ်။
ဆရာတော် ဦးဝီရသူနဲ့ပတ်သက်တဲ့ မိန့်ကြားချက်ကို ဦးဆွေဝင်းက လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့တာကို မကျေနပ်တဲ့အတွက် မဘသ အဖွဲ့ဝင်ဖြစ်တဲ့ ဦးကျော်မျိုးရွှေက ဆက်သွယ်ရေးပုဒ်မနဲ့ အမှုဖွင့်ခဲ့တာပါ။
ဒါ့အပြင် သူ့ကို မန္တလေး အိုးဘိုထောင်ကို ညတွင်းချင်း လွှဲပြောင်းမှာဖြစ်တယ်လို့ မင်္ဂလာဒုံ ရဲစခန်းက ရဲမှူးဦးမင်းသန့်က ပြောပါတယ်။
ဦးဆွေဝင်းဟာ သတင်းမီဒီယာသမားတယောက်အနေနဲ့ ဥပဒေနဲ့အညီ ရင်ဆိုင်ဖြေရှင်းမယ်လို့ ပြောဆိုထားသလို လာရောက်အဖမ်းခံမယ်လို့ အကြောင်းကြားပြီးတဲ့နောက်မှာ အဖမ်းခံရတာလို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။











