DVB Logo
Home
မြန်မာသတင်း
H1N1 ရောဂါ အရေးပေါ်အခြေနေ ကြေညာရန် မရှိသေး
DVB
·
July 30, 2017
H1N1 ရောဂါ အရေးပေါ်အခြေနေ ကြေညာရန် မရှိသေး
Donate to DVB

ရာသီတုပ်ကွေး H1N1 ရောဂါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာဖို့ အစီစဉ်မရှိသေးကြောင်း သဘာဝဘေးနဲ့ ကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ညနေပိုင်းက ရာသီတုပ်ကွေး (H1N1) ရောဂါဖြစ်ပွားမှု လုပ်ငန်းညှိနှိုင်းအစည်း အဝေးအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုပါတယ်။

“အရေးပေါ်အခြေအနေ ကြေညာဖို့ဆိုတာ သူ့ရဲ့ ပျံ့နှံ့မှုနှုန်းပေါ် မူတည်တယ်။  သူကအခြားနိုင်ငံကိုလည်း အန္တရာယ်ပြုလာပြီ၊ သူက ကူးဖို့က များလာတယ်။ နောက်ပြီးတော့ ပြည်တွင်းမှာရှိတဲ့သူတွေရဲ့ ခရီးသွားလာမှုတွေ ထိခိုက်တယ်။ ပြည်တွင်းမှာရှိတဲ့ ကုန်စည်များရဲ့ စီးဆင်းမှု ထိခိုက်လာမယ်၊ ကမ္ဘာလှည့်ခရီးသည် သွားလာမှု ထိခိုက်မယ်၊ သုံးမျိုးရှိပါတယ်။ ဒါကလည်း အချက်တချက်ပေါ့။ နောက်တခါ အများပြည်သူအတွက် အများကြီး ကျန်းမာရေး ထိခိုက်တယ်၊ အများကြီးသေတယ်၊ နောက်နိုင်ငံတကာ ပျံ့နှံ့ဖို့လည်း အခြေအနေရှိနေပြီ၊ အဲဒီ ၄ မျိုးထဲက ၂ ခုလောက် ပြည့်စုံရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ် ကြေညာပါတယ်။ သူတို့မှာ မြန်မာတနိုင်ငံတည်းလည်း ကြေညာလို့ မရဘူး။ ဒေသတွင်းနိုင်ငံတွေ ကြည့်ရတယ်။ အခြားသော ဒေသ ပြင်ပ နိုင်ငံတွေကို ကြည့်ရတယ်။ အခြားနိုင်ငံတွေမှာ ဘယ်လောက်ဖြစ်နေလဲ၊ ဥရောပမှာ ဘယ်လောက် ဖြစ်နေလဲ၊ အမေရိကားနိုင်ငံမှာ ဘယ်ေ်လာက်ဖြစ်လဲ၊ အာဆီယံနိုင်ငံမှာ ဘယ်လောက် ဖြစ်လဲ၊ WHO က မနက်ကပဲ ၀န်ကြီးဆီကို အိမ်နီးချင်းနိုင်ငံတွေရဲ့ H1N1 ဖြစ်ပွားမှုတွေ ပြလာတော့ ကိုယ့်နိုင်ငံထက် များတဲ့နိုင်ငံတွေ တော်တော်များတယ်။ ထိုင်း၊ ဘူတန်၊ သီရိလင်္ကာ အဲသုံးနိုင်ငံပဲ ကိုယ့်ထက်နည်းတယ်။ ကျန်တာတွေက ကိုယ့်ထက်များတဲ့ နိုင်ငံတွေချည်းဖြစ်နေတယ်။ ဒီပုံစံအတိုင်းဆိုရင်တော့ ကျနော်တို့ အရေးပေါ်အခြေအနေ ကြေညာဖို့ မဖြစ်နိုင်သေဘူး။”

ဒါ့အပြင် ရောဂါဖြစ်ပွားနေတဲ့ လူနာတွေကို ကိုင်တွယ်ကုသနေရတဲ့ အရိုးအကြော ဆရာဝန်တဦးကလွဲရင် ကျန်တဲ့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေမှာတောင် ကူးစက်မှု မရှိတာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံစိတ်ချရကြောင်းလည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်က ပြောပါတယ်။

“မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံမှာ အထူးပြုတက်နေတဲ့ ဒုတိယနှစ်ကျောင်းသား ဆရာဝန် တဦးကလွဲပြီး အခုလက်ရှိ လူနာတွေက ကိုင်တွယ်ကုသနေတဲ့ ကျန်းမာရေးဝန်ထမ်းထဲက တဦးတယောက်မှ H1N1 ပိုးကူးစက်မှု မရှိသေးဘူးလို့ ဆိုတဲ့သတင်း ဆရာပေးပါရစေ။ အဲဒီတော့ ပြောချင်တာ အဓိကဘာလဲဆိုတော့ ဒီလောက်အန္တရာယ်များတဲ့ ပိုးတွေ့တဲ့လူနာတွေကို ကိုင်တွယ်ကုသနေတဲ့ ကျန်းမာရေး ၀န်ထမ်းများမှာ ဆရာတို့ မျှော်မှန်းထား သလို ကူးစက်ထားတဲ့ အခြေအနေ လက်ရှိအနေအထားမှာ လုံးဝမတွေ့ရသေးပါဘူး။ ဒါဆိုရင် လူထုအနေနဲ့ ပိုပြီးတော့တောင် လုံခြုံစိတ်ချရတယ်ဆိုတဲ့ သတင်းလေး ပေးချင်ပါတယ်။”

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့  မြန်မာပြည်ဌာနေ ကိုယ်စားလှယ် ဒေါက်တာ စတီဗင် ပေါရို့စ်ကလည်း မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့   ရာသီတုပ်ကွေး   H1N1 ရောဂါဟာ  သမားရိုးကျဖြစ်နေတဲ့ တုပ်ကွေးနဲ့တူတာကြောင့် ပြည်သူတွေအနေနဲ့ လက်ဆေးတာအပြင်၊ အစားအသောက်စားဖို့၊ အိပ်ရေး ၀၀ အိပ်ဖို့နဲ့ ကိုယ်လက်လှုရှုားမှုတွေ လုပ်ဖို့ အကြုံပြုထားပါတယ်။ နှာခေါင်းစည်းတွေ တပ်ဆင်ပြီးကာကွယ်ကြတာထက်၊ လက်ကိုသန့်ရှင်းအောင် မကြာခဏဆေးပေးတာက ရောဂါပိုးအမျိုးမျိုးကာကွယ်ရေးအတွက် ပိုပြီး ထိရောက်မှုရှိကြောင်း၊ WHO အဖွဲ့ကြီးကလည်း နည်းပညာပိုင်းအရ အကူညီပေးနေတာကြောင့် အစိုးရိမ် မလွန်ကဲကြဖို့ကိုလည်း ပြောပါတယ်။

ရာသီတုပ်ကွေး H1N1 ကူးစက်ခံလူနာတွေကို မြောက်ဥက္ကလာပမှာရှိတဲ့ ဝေဘာဂီ အထူးကုပြည်သူ့ဆေးရုံကြီးမှာပဲ ဆက်လက်ကုသသွားမယ်လို့ ဒေါက်တာ သာထွန်းကျော်က ပြောပါတယ်။

“နောက်ပိုင်းမှာတော့ လတ်တလောအသက်ရှူလမ်းကြောင်း ပိုးဝင်တဲ့လူနာတွေကို ရောဂါပျံ့နှံ့မှုကနေ လျင်မြန်စွာ ထိန်းချုပ်နိုင်ဖို့အတွက် မြောက်ဥက္ကလာမှာရှိတဲ့ ဝေဘာဂီ အထူးကု ဆေးရုံကြီးကိုပဲ ဦးစားပေးပို့ဆောင်ကုသပေးသွားမှာပဲဖြစ်ပါတယ်။ တခြားတိုင်း နဲ့ပြည်နယ်တွေက ရောဂါပိုးတွေ့တဲ့ လူနာများကိုလည်း ဝေဘာဂီမှာ လက်ခံကုသဖို့ စီစဉ်ပြီးပြီဖြစ်ပါတယ်။ ပဲခူးကနေ ပိုးတွေ့တဲ့လူနာတဦးကို မနေ့က ညနေ ၄ နာရီ ၁၅ မိနစ်မှာ ဆရာတို့ ဝေဘာဂီပြည်သူ့ဆေးရုံက လက်ခံပြီးတော့ ကုသပေးလျက်ရှိပါတယ်။”

ရောဂါဖြစ်ပွားမှုအခြေအနေနဲ့ သေဆုံးမှုအခြေအနေကို ရှင်းလင်းရာမှာလည်း ဒီကနေ့ မနက် H1N1 ပိုးတွေ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး ဝေဘာဂီဆေးရုံမှာ ထပ်မံသေဆုံး သွားတယ်လို့ ဒေါက်တာသာထွန်းကျော်က ပြောပါတယ်။

ဇူလိုင် ၂၉ ရက်နေ့အထိ တနိုင်ငံလုံးမှာ H1N1 သံသယနဲ့  ဆေးရုံတက်ရောက်ကုသသူ ၁၃၈ ယောက်မှာ အတည်ပြုလူနာ ၄၁ ယောက်၊ သေဆုံးသူ ၇ ယောက်ရှိနေပြီလို့ ထုတ်ပြန်ထားပါတယ်။

ပြည်သူတွေကြားမှာတော့ လက်ရှိဖြစ်ပွားနေတဲ့ H1N1 တုပ်ကွေးရောဂါ နဲ့ H5N1 ကြက်ငှက်တုပ်ကွေးရောဂါတွေကြောင့် စိုးရိမ်ပူပန်မှု မြင့်တက်နေကြပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013