
မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အောင်သုခရပ်ကွက်မှာ ဇူလိုင် ၂၉ ရက်နေ့ မနက် ၂ နာရီလောက်က အရက်ကြောင်နေသူတဦး မိမိကိုယ်ကို ဓားနဲ့ထိုးမိပြီး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မြို့မရဲစခန်းက ပြောပါတယ်။
မြိတ်မြို့နယ်စခန်းမှူး ဒုရဲမှူး မြင့်လွင်က “ဒီကလေးက အရက်သောက်လာတာကြာပြီ၊ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရန်ကုန်တက်ပြီး အရက်ဖြတ်လိုက်သေးတယ်။ အရက်ပြတ်ပြီး မြိတ်ကိုရောက်လာတော့ ပြန်သောက်တယ်။ ခုလည်း အရက်ကြောင်ပြီး ညဥ့်နက်သန်းခေါင် အသုဘရက်လည်လို့ အလှူလုပ်မယ့် အိမ်ထဲဝင်ပြီး ဓားယူပြီးထွက်သွားတယ်။ တအောင့်နေတော့ ဓားဒဏ်ရာနဲ့ လမ်းမှာလဲနေတာတွေ့လို့ ပတ်ဝန်းကျင်က ချမ်းမြေ့ ကျန်းမာရေးအထောက်အကူပြု ကားခေါ်ပေးပြီး ဆေးရုံပို့ပေးပေမယ့် သေဆုံးသွားတယ်” လို့ ပြောပါတယ်။
မြိတ်မြို့မ ရဲစခန်းက မိမိကိုယ်ကို ဓားဖြင့်ထိုးကာ သေဆုံးသူ နေဇော် (ခ) အပု ကို သေမှုသေခင်းအမှတ်စဉ် (၃၅/၂၀၁၇) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
မြတ်ထွဋ် (မြိတ်)











