DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်အတွင်း တရားမ၀င်ဖမ်းဆီးရမိထားသည့် သစ်များ ထပ်မံရောင်းချမည်
DVB
·
July 29, 2017
မွန်ပြည်နယ်အတွင်း တရားမ၀င်ဖမ်းဆီးရမိထားသည့် သစ်များ ထပ်မံရောင်းချမည်
1 / 4
Donate to DVB

မွန်ပြည်နယ်အတွင်းရှိ တရားမ၀င် ဖမ်းဆီးရမိထားတဲ့ သစ်တွေကို ပထမတသုတ် ရောင်းချခဲ့ပြီးနောက် မြန်မာ့သစ်လုပ်ငန်းကို လွှဲပြောင်းထားတဲ့ သစ်တွေကိုလည်း ထပ်မံရောင်းချသွားမယ်လို့ မွန်ပြည်နယ်၊ သစ်တောဦးစီးဌာနက ပြောပါတယ်။

တရားမ၀င်သစ်တွေကို ရောင်းချရာမှာ ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုသူတွေကိုပဲ ရောင်းချပေးမှာဖြစ်ပြီး လာမယ့် စက်တင်ဘာ ဒါမှမဟုတ် အောက်တိုဘာမှာ ရောင်းချပေးဖို့ စီစဉ်ထားတယ်လို့ မွန်ပြည်နယ် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းသိန်းမြင့်က ပြောပါတယ်။

“ရောင်းချဖို့ ပထမအသုတ်ကတော့ ပြီးသွားပြီ။ အခု ဒုတိယအသုတ်အတွက် ကျနော်က အစိုးရအဖွဲ့ကို ပြန်တင်မယ်။ ပြီးမှ အစိုးရအဖွဲ့က ပြည်ထောင်စုကိုတင်မယ်။ အဲဒီကနေ ခွင့်ပြုချက် ရလာမှ ပြန်ရောင်းဖို့ စီစဉ်မှာပါ။”

အဆိုပါ သစ်တွေကို ဒေသဖွံ့ဖြိုးရေးအတွက် သုံးစွဲမယ့်သူ၊ သာသနာအဆောက်အအုံတွေနဲ့ ကိုယ့်အားကိုယ်ကိုး ဆောက်လုပ်မည့်သူတွေ၊ ဌာနဆိုင်ရာတွေနဲ့ အများပြည်သူအသုံးပြုနိုင်တဲ့ အဆောက်အဦ ဆောက်လုပ်မယ့်သူတွေကို ရောင်းချပေးသွားမယ်လို့ ဦးမင်းသိန်းမြင့်က ဆက်လက်ပြောကြားသည်။

မြန်မာ့သစ်လုပ်ငန်း၊ ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာနမှ တာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမောင်မောင်ခိုင်က “သစ်တောဦးစီးဌာနက တရားမ၀င်သစ်တွေကို ဖမ်းဆီးပြီးတဲ့အခါ ပြည်ထောင်စုဝန်ကြီးရုံးရဲ့ ညွှန်ကြားချက်အရ မြန်မာ့သစ်လုပ်ငန်းကို လွှဲပေးတာက ကျွန်း၊ ပိတောက်၊ တမလန်း၊ သစ်ဝင် ဒီ ၄ မျိုးပဲ လွှဲပါတယ်။ ကျန်တဲ့သစ်တွေကိုတော့ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖွဲ့ထားတဲ့ ရောင်းချရေးကော်မတီက ရောင်းပါတယ်” လို့ ပြောပါတယ်။

မြန်မာ့သစ်လုပ်ငန်းမှ သစ်ရောင်းချငွေတွေကို မြန်မာ့စီးပွားရေးဘဏ်မှာ ဖွင့်ထားတဲ့ ဘဏ်အကောင့်မှာသွင်းပြီး ငွေပမာဏပေါ် မူတည်ကာ မြန်မာ့သစ်လုပ်ငန်းရုံးချုပ်မှာရှိတဲ့ ဘဏ်အကောင့်ကို လွှဲရကြောင်း၊ မြန်မာ့သစ်လုပ်ငန်းမှ ချမှတ်ပေးတဲ့ ဘတ်ဂျက်တွေကနေ ၀န်ထမ်းလစာနဲ့ အငြိမ်းစားလစာ၊ ရုံးချုပ်အသုံးစရိတ်အဖြစ် သုံးစွဲတ်ယလို့ ဦးမောင်မောင်ခိုင်က ဆိုပါတယ်။

မြန်မာ့သစ်လုပ်ငန်းအနေနဲ့ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က သစ်တွေ လေလံတင်ရောင်းချငွေ ကျပ်သန်းပေါင်း ၁၁၀၀ ကျော် ရရှိခဲ့ပြီလို့ သိရပါတယ်။

မွန်ပြည်နယ် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးနှင့်သယံဇာတ ၀န်ကြီး ဒေါက်တာမင်းကြည်ဝင်းက “ပထမအသုတ်ကတော့ တန် ၁၆၀ ကျော်ကျော်လောက် ရောင်းလိုက်ပြီ။ ဒေသဖွံ့ဖြိုးရေးအတွက် နောက်ထပ် ရောင်းချမယ့် တန် ၂၀၀ ကျတော့ တင်ဒါမဟုတ်ဘူး။ လျှောက်တဲ့လူကို တိုက်ရိုက်ရောင်းတာပါ။ ပြည်နယ်အစိုးရက ဖွဲ့ထားတဲ့ကြီးကြပ်ရေးကော်မတီ၊ ရောင်းချတဲ့ကော်မတီရှိတယ်။ သတ်မှတ်တဲ့ဈေးနှုန်းကို အဲဒီကော်မတီက ဒေသပေါက်ဈေးထက်ကို ၄၀ ရာခိုင်နှုန်း လျှော့ပြီး ကျနော်တို့ ရောင်းချပါတယ်။ ဒါက ပထမအသုတ်ရဲ့ ဆုံးဖြတ်ချက်အရပေါ့။ တန် ၂၀၀ ကိုတော့ ကျနော်တို့ ပြည်နယ်အစိုးရက ခွင့်ပြုမယ်ဆိုရင် ပြည်ထောင်စုအစိုးရဆီမှာ ရောင်းချခွင့်ပြန်တောင်းရမယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ်ခွဲစက်ပေါင်း ၅၈ ခုရှိပြီး ၇ ခုသာ လည်ပတ်နေပေမယ့် ၅၈ ခုဟာ ကုန်ကျစရိတ်နဲ့ဝင်ငွေ မညီမျှမှုကြောင့် ပိတ်သိမ်းထားတယ်လို့ မွန်ပြည်နယ် သစ်တောဦးစီးဌာနက သိရပါတယ်။

အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013