DVB Logo
Home
Lead Story
တရားမဲ့ချုပ်နှောင်ခံရသူ၏ ဥပဒေပါ တုံ့ပြန်အခွင့်အရေး
DVB
·
July 29, 2017
တရားမဲ့ချုပ်နှောင်ခံရသူ၏ ဥပဒေပါ တုံ့ပြန်အခွင့်အရေး
Donate to DVB

တရားမဲ့ ချုပ်နှောင်ခံရခြင်း

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ နိုင်ငံတော်၏ အခြေခံမူများ အခန်း(၁) ပုဒ်မ ၂၁(ခ)၌ တရားရုံး၏ ခွင့်ပြုချက်မရရှိပါက နိုင်ငံသားတဦးကို ၂၄ နာရီထက် ကျော်လွန်၍ ချုပ်နှောင်ထားခြင်း မရှိစေရဟု ပြဋ္ဌာန်းထားသည်။ ပုဒ်မ ၄၄၉ အရ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဥပဒေအားလုံး၏ အခြေခံဥပဒေ ဖြစ်ပါသည်။ နိုင်ငံတော်သည် ဥပဒေပြုရာတွင် လည်းကောင်း၊ အုပ်ချုပ်ရာတွင် လည်းကောင်း နိုင်ငံတော်၏ အခြေခံမူများနှင့်အညီ အလေးဂရုပြု ဆောင်ရွက်ရမည်ဟု ပုဒ်မ ၄၅၀ ၌ ပြဋ္ဌာန်းထားသည်။ ပုဒ်မ ၃၇၆ ၌ တရားသူကြီး၏ ချုပ်မိန့်မရဘဲ ချုပ်ခွင့်ကို ပြဋ္ဌာန်းထားပါသည်။ သို့ရာတွင် အခြေခံမူများ၏ ပြဋ္ဌာန်းချက်ကို ကျော်လွန်၍ မရပါ။ ကြိုတင် ကာကွယ်ထားရန် လိုအပ်သောကိစ္စ၊ တည်ဆဲဥပဒေတရပ်ရပ်အရ ခွင့်ပြုချက်များမှာလည်း ခိုင်လုံသော အကြောင်းပြချက်ဖြင့် တရားရုံး၏ ခွင့်ပြုချက် မရပါက နိုင်ငံသားတဦးအား ၂၄ နာရီထက်ကျော်၍ မချုပ်ရဟူသော အခြေခံမူကို လိုက်နာရမည် ဖြစ်ပါသည်။ တရားရုံး၏ ခွင့်ပြုချက်မရှိဘဲ ၂၄ နာရီထက်ကျော်၍ ချုပ်နှောင်ခြင်းသည် တရားမဲ့ ချုပ်နှောင်ခံရခြင်း ဖြစ်ပါသည်။

တရားရုံး၏ ခွင့်ပြုချက်ဖြင့် ချုပ်နှောင်ရာတွင်လည်း ရာဇသတ်ကြီးပုဒ်မ ၇၇ အရ တရားသူကြီးသည် မိမိ၏အာဏာကို သဘောရိုးဖြင့် သုံးစွဲဆောင်ရွက်ပါက ပြစ်မှု မမြောက်သော်လည်း မိမိချုပ်ခွင့် အာဏာမရှိခြင်း၊ ချုပ်ခွင့်ကန့်သတ်ချက်ထက် အကြောင်းမဲ့ ကျော်လွန်ချုပ်နှောင်ခြင်း၊ မသမာသောစိတ်ဖြင့် ချုပ်နှောင်ခြင်း၊ မမှန်ကန်သော ချုပ်မိန့်ကို ဥပဒေ ဆန့်ကျင်သည်ဟု သိလျက်ဖြင့် ချုပ်နှောင်ခြင်းများမှာလည်း တရားမဲ့ ချုပ်နှောင်ခံရခြင်းများ ဖြစ်ပါသည်။ ပြစ်မှုမကျူးလွန်ကြောင်း သိလျက် အမှုစွဲခြင်း၊ အမှုလက်ခံ၍ ချုပ်နှောင်ခြင်းမှာလည်း တရားမဲ့ချုပ်နှောင်မှု ဖြစ်ပါသည်။

တရားမဲ့ချုပ်နှောင်ခံရပါက တရားစွဲခွင့်

တရားမဲ့ချုပ်နှောင်ခံရပါက မိမိအား တရားမဲ့ချုပ်နှောင်သူအပေါ် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၁၉ အရ အရေးယူ တရားစွဲဆိုနိုင်ပါသည်။ တရားမဲ့ချုပ်နှောင်ခြင်းသာမက တရားစီရင်ရာ၌ ဥပဒေနှင့် ဆန့်ကျင်သည်ဟု သိလျက်နှင့် တရားမဲ့စွာ သို့မဟုတ် မသမာစိတ်ဖြင့် ဆုံးဖြတ်ခြင်းကို အရေးယူရန် ပြဋ္ဌာန်းထားသောပုဒ်မ ဖြစ်ပါသည်။ ရဲအရေးမပိုင်သဖြင့် တရားရုံးကို ဦးတိုက်လျှောက်ထား စွဲဆိုရပါသည်။ သက်ဆိုင်ရာ တရားရုံးများသို့ တိုင်ကြားစွဲဆိုရပါမည်။ တရားမဲ့ချုပ်နှောင်သူသည် ပြည်သူ့ဝန်ထမ်းနှင့် အကျုံးဝင်ပါက တရားစွဲဆိုခွင့်ပြုချက် လိုပါသည်။ တရားမဲ့ချုပ်နှောင်သူသည် ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ပါသည်။

တရားစီရင်သော ပုဂ္ဂိုလ်များ မဟုတ်သော ရဲ၊ အထူးစုံစမ်းစစ်ဆေးရေး၊ သတင်းတပ်ဖွဲ့၊  တပ်မတော် စသည့် လူအများအား ချုပ်ထားရန် အာဏာရှိသူများက ဥပဒေနှင့်ဆန့်ကျင်၍၊ ဆန့်ကျင်ကြောင်း သိလျက်ဖြင့်၊ တရားမဲ့စွာ၊ မသမာစိတ်ဖြင့် တဦး တယောက်အား စစ်ဆေးစီရင်စေခြင်းအတွက် ချုပ်ထားရန်  လွှဲအပ်တင်ပို့သူများကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၂၀အ ရ စွဲဆိုနိုင်သည်။ သက်ဆိုင်ရာမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားစွဲဆိုရပါသည်။ ရဲအရေးမပိုင်ပါ။ ပြည်သူ့ဝန်ထမ်းဖြစ်ပါက ခွင့်ပြုချက်လိုပါသည်။ ကျူးလွန်သူအား ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ပါသည်။ မမှန်မကန်လိမ်လည်၍ အမှုဖွင့်တိုင်ကြားခြင်း ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲပါက ရာဇသတ်ကြီးပုဒ်မ ၂၁၁အရ တရာရုံးသို့ ဦးတိုက်လျှောက်ထား စွဲဆိုနိုင်ပါသည်။

ဖမ်းဆီးရမည့်သူကို မဖမ်းဘဲ တမင်ပျက်ကွက်ပါက၊ ထွက်ပြေးခြင်းကို တမင် လျစ်လျူရှုထားပါက ရာဇသတ်ကြီးပုဒ်မ ၂၂၁ အရ အရေးယူအပြစ်ပေးပါသည်။

စာချွန်တော်အမိန့်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ စာချွန်တော် အမိန့်ထုတ်ဆင့်ပေးရန် လျှောက်ထားခွင့်ရှိကြောင်း ပြဋ္ဌာန်းထားပါသည်။ စာချွန်တော် အမိန့် ၅ မျိုး ရှိပါသည်။ ရှေ့တော်သွင်း စာချွန်တော်အမိန့်၊ အာဏာပေးစာချွန်တော် အမိန့်၊ တားမြစ်စေ စာချွန်တော်အမိန့၊ အာဏာပိုင်ပေးစာ စာချွန်တော်အမိန့်နှင့် အမှုခေါ် စာချွန်တော် အမိန့်တို့ ဖြစ်ပါသည်။

တရားမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းခံရပါက တင်သွင်းနိုသော စာချွန်တော်များမှာ ရှေ့တော်သွင်း စာချွန်တော်အမိန့် “Writ of Habeas Corpus”  ဖြစ်ပါသည်။ တရားရုံးနှင့် အခွင့်အာဏာရှိ အဖွဲ့အစည်းတခုခုက တရားမဲ့ ထိန်းသိမ်းချုပ်နှောင်ထားပါက ချုပ်နှောင်ခံထားရသူကို ဥပဒေနှင့်ညီ၊ မညီ စိစစ်ကြားနာ၍ ခိုင်လုံသော အကြောင်းမရှိဘဲ ဖမ်းဆီးချုပ်နှောင်ခံရသူအား စာချွန်တော်ရုံးရှေ့ တင်ပို့စေ၍ တရားမဲ့ချုပ်နှောင်ခြင်းဖြစ်ပါက ချက်ချင်းလွှတ်ရန် အမိန့်ပေးနိုင်ပါသည်။ ဤစာချွန်တော်အမိန့်ကို ဖမ်းဆီး ချုပ်နှောင်ခံရသူ၏ နီးစပ်ရာဆွေမျိုးက ပြည်ထောင်စုတရားလွှတ်တော်ချုပ် (နေပြည်တော်)ကို လျှောက်ထားနိုင်ပါသည်။ လျှောက်ထားလွှာနှင့်အတူ လျှောက်ထားသူများက ကျမ်းကျိန်လွှာ ပူးတွဲ လျှောက်ထားရပါသည်။ လူတိုင်း၏ လွတ်လပ်မှုအခွင့်အရေးကို ထိပါးခြင်းမှ ကာကွယ်ရန် ဖြစ်ပါသည်။ ပြစ်မှုတစုံတရာ ကျူးလွန်ခြင်းမရှိဘဲ တရားစွဲ အရေးယူ ချုပ်နှောင်ခံထားရသူများလည်း ဤစာချွန်တော်မျိုး တင်သွင်း၍ လျှောက်ထားနိုင်ပါသည်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ စီရင်ထုံးဂျီအင်ဘနာဂျီနှင့် ထောင်ပိုင်ဝန် အင်းစိန်တွဲဖက် အကျဉ်းထောင်အမှု၌ ဂျီအင်ဘနာဂျီအား စာချွန်တော်ရုံးမှ အချုပ်မှ လွှတ်ပေးခဲ့ပါသည်။ အခြားစီရင်ထုံး အမှုများလည်း ရှိပါသည်။

ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်လုံခြုံခွင့်ဥပဒေ

မကြာသေးမီ ၂၀၁၇ ခုနှစ် မတ်လ ၈ ရက်နေ့က နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ပြဋ္ဌာန်းခဲ့ပါသည်။ ယင်းဥပဒေပုဒ်မ (၇) အရ တရားမဲ့ ချုပ်နှောင်ခံရပါက သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းကို တိုင်ကြားနိုင်ပါသည်။ မတရားချုပ်နှောင်ခြင်း ပြုလုပ်ခဲ့ပါက အနည်းဆုံး ထောင်ဒဏ် ၆ လမှ အများဆုံး ၃ နှစ်အထိ ချမှတ်ရမည့်အပြင် အနည်းဆုံး ငွေဒဏ်ကျပ် ၃ သိန်းမှ အများဆုံး ကျပ် ၁၅ သိန်း ငွေဒဏ်ချမှတ်နိုင်ပါသည်။ မည်သူမဆို တိုင်ကြားချက်အပေါ် အရေးယူ ဆောင်ရွက်ပေးရန် တာဝန်ပျက်ကွက်ပါက အနည်းဆုံး ၁ နှစ်မှ အများဆုံး ၅ နှစ်ထိ ချမှတ်ရမည့်အပြင် အနည်းဆုံးကျပ် ၅ သိန်းမှ အများဆုံးကျပ် ၂၅ သိန်းထိ ချမှတ်နိုင်ပါသည်။

အမှုပယ်ဖျက်ခြင်း

တရားရုံးများ၏ ဥပဒေလုပ်ထုံးလုပ်နည်းများ အလွဲပြုလုပ်ခြင်းများကို တရားဖြောင့်မှန်ရာ ရောက်အောင် ပြုပြင်ပေးရန် တရားလွှတ်တော်၌ မူလဘူတ အာဏာအပ်နှင်းထားပါသည်။ အမှုအား ပယ်ဖျက်နိုင်ပါသည်။ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၆၁(က) ဖြစ်ပါသည်။ တရားစွဲဆိုရန် လုံလောက်သော၊ ထုချေ ဖြေရှင်းရန် အကြောင်းမပေါ်သော စွဲဆိုမှုများ၊ လွဲမှားစွာ စွဲဆိုမှုများ၊ ဥပဒေအရ ငြိစွန်းမှုမရှိသော၊ ပြစ်မှု ကျူးလွန်ခြင်း မရှိသော စွဲဆိုမှုများ၊ တိုင်ချက်အရပင် ပြစ်မှုမမြောက်သော စွဲဆိုမှုများအပေါ် အမှုအား ပယ်ဖျက်ပေးရန် လျှောက်ထားနိုင်ပါသည်။ ဤသို့သော စွဲဆိုချက်ဖြင့် အချုပ်အနှောင် ခံရခြင်းမှာလည်း တရားမဲ့ ချုပ်နှောင်ခံရခြင်းဖြစ်၍ တိုင်းနှင့် ပြည်နယ် တရားလွှတ်တော်များသို့ အမှုအား ပယ်ဖျက်၍ အချုပ်ခံထားရသူအား အချုပ်မှ လွှတ်ပေးရန် လျှောက်ထားနိုင်ပါသည်။

ထို့ပြင် တိုင်းနှင့်ပြည်နယ် တရားလွှတ်တော်များ၌ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၁(က)(ခ) တို့အရ ရှေ့တော်သွင်း စာချွန်တော်နှင့် အလားတူသော ညွှန်ကြားချက်များ ထုတ်ဆင့်နိုင်သော အာဏာများ အပ်နှင်းထားပါသည်။ သို့ဖြစ်၍ ရာဇဝတ်ကျင့်ထုံး ၄၉၁(က)(ခ)တို့အရ တိုင်းဒေသကြီး၊ ပြည်နယ်တရားလွှတ်တော်များသို့လည်း လျှောက်ထားနိုင်ကြောင်း ဥပဒေ ပြဋ္ဌာန်းထားပါသည်။

လျော်ကြေး၊ နစ်နာကြေးများ စွဲဆိုခြင်း

တရားမဲ့ ဖမ်းဆီးချုပ်နှောင်ခံရကြောင်း ပေါ်လွင်ပါက တရားမဲ့ ချုပ်နှောင်ခံရသူသည် မိမိအား ချုပ်နှောင်ထားမှုအရ စိတ်ပိုင်း၊ ရုပ်ပိုင်းထိခိုက်စေ၍ လျော်ကြေး၊ နစ်နာကြေးများ၊ ရလိုမှုများကို တရားမ ကြောင်းဖြင့် တရားစွဲဆိုနိုင်ကြပါသည်။

နိုင်ငံတကာ လူ့အခွင့်အရေးများသည် ပြည်တွင်းဥပဒေ ပြဋ္ဌာန်းချက်များ ရှိမှသာ ပြည်တွင်းဥပဒေ ပြဋ္ဌာန်းချက်အရသာ အကာအကွယ်ပေးနိုင်မည် ဖြစ်ပါကြောင်း............။

(ရှေ့နေ-မောင်ကံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013