DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် ပတ်စ်ပို့စာအုပ်အတုလုပ်ပေးသည့် မြန်မာနိုင်ငံသားတဦး ဖမ်းမိ
DVB
·
July 29, 2017
ဘန်ကောက်တွင် ပတ်စ်ပို့စာအုပ်အတုလုပ်ပေးသည့် မြန်မာနိုင်ငံသားတဦး ဖမ်းမိ
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဒီကနေ့ ညနေပိုင်းက နီုင်ငံခြားသားတွေကို ပတ်စပို့စာအုပ်အတု လုပ်ပေးနေတဲ့ မြန်မာနိုင်ငံသားတဦး ဖမ်းဆီးရမိတယ်လို့ သည်နေရှင်းသတင်းမှာ ဖော်ပြပါတယ်။

နိုင်ငံခြားသားတွေကို ပတ်စပို့စာအုပ်အတု လုပ်ပေးတဲ့ မြန်မာနိုင်ငံသားလက်မှတ် ကိုင်ဆောင်သူ အသက် ၅၅ နှစ်ရွယ် ရာဂျူး ခေါ်  ( Raju kumar Murtsy / Javadala Jaya Raju) ဆိုသူကို ထိုင်းရဲတပ်ဖွဲ့က ဇူလိုင် ၂၈ ရက် မွန်းလွဲပိုင်းက သူနေထိုင်ရာ ဘန်ကောက်မြို့ ၀ပ်ထာ့ဖရနယ်မြေ ကျလွန်းဆနစ်ဝုန်းလမ်းအမှတ် ၁၂ ရှိ တိုက်ခန်းရှေ့မှာ သက်သေခံပစ္စည်း အိန္ဒိယနိုင်ငံကူးစာအုပ် အတု ၄ အုပ်၊ ကနေဒါနိုင်ငံကူးစာအုပ် အတု ၂ အုပ်၊ စုစုပေါင်း ၆ အုပ် တို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းရာဇ၀တ်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဆူ ထင်းဆဒ်ဖုန်းက သတင်းထောက်တွေကို ပြောပါတယ်။

ဒီမတိုင်ခင်က ဦးရာဂျူးမှာ နိုင်ငံခြားသားတွေကို ပတ်စပို့စာအုပ်အတုတွေ လက်ခံလုပ်ပေးနေကြောင်း  ထိုင်းရဲတပ်ဖွဲ့က ကြိုတင်သတင်းရထားတဲ့အတွက် စာအုပ်လုပ်လိုသူ တယောက်အသွင်ဆောင်ပြီး ချဉ်းကပ်ထောက်လှမ်းခဲ့ကြောင်း၊  စာအုပ်တအုပ်ကို အခကြေးငွေ ဘတ် ၁ သောင်း ၄ ထောင်ယူပြီး စရံအဖြစ် ဘတ် ၁၂၀၀၀ အရင်ပေးရကာ နောက်ထပ် ၂ ထောင်ကိုတော့ စာအုပ်ရတဲ့အခါမှ ပေးချေရတယ်လို့ ဆိုပါတယ်။

ထိုင်းရဲက လွှတ်ထားတဲ့သူဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့က သူ့ဆီမှာ စာအုပ်လုပ်ထားပြီး ဒီနေ့မှာ စာအုပ်ရပြီလို့ ဆိုတာနဲ့ ချိန်းဆိုတဲ့အတိုင်း ကျလွန်းဆနစ်ဝုန်းလမ်းအမှတ် ၁၂ ကို သွားယူကာ လက်ထဲစာအုပ်ရောက်တာနဲ့ မလှမ်းမကမ်းရှိ အရပ်ဝတ်ရဲတွေက ၀င်ရောက်ဖမ်းဆီး ခဲ့တာလို့ ဆိုပါတယ်။

ဦးရာဂျူးဟာ ပတ်စပို့စာအုပ်အစစ်က ဓာတ်ပုံတွေကို ခွာထုတ်ပြီး ဓာတ်ပုံအသစ်နဲ့ လဲလှယ်ထည့်ပေးကြောင်း၊ အဓိက ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်လာပြီး ပတ်စပို့စာအုပ်တုနဲ့ ဆက်လက်နေထိုင်လိုသူတွေ၊ ပတ်စပို့စာအုပ်အတုနဲ့ နိုင်ငံခြားထွက်လိုသူ နိုင်ငံခြားသားတွေအတွက် လက်ခံဆောင်ရွက်ပေးနေတာဖြစ်ကြောင်း၊ အဲဒီစာအုပ်တွေကိုတော့ တခြားသူတွေဆီက ပြန်ဝယ်ထားတာရှိသလို ခိုးယူတဲ့အခါလည်း ရှိတယ်လို့ ၀န်ခံသွားပါတယ်။

ဦးရာဂျူးဟာ ထိုင်းနိုင်ငံထဲ လွန်ခဲ့တဲ့ ၁၁ နှစ်က ၀င်ရောက်လာပြီး ထိုင်းအမျိုးသမီးတဦးနဲ့ အိမ်ထောင်ကျကာ သမီးတယောက်ရှိကြောင်း၊  ဒါပေမယ့် သူ့ဆီမှာ နေထိုင်ခွင့်အထောက်ထား မရှိလို့ လွန်ခဲ့တဲ့ ၆ နှစ်က အဖမ်းခံရကာ မြန်မာပြည် ပြန်ပို့ခံရကြောင်း၊ အဲဒီနောက် သူဟာ မြန်မာပြည်မှာ ပါကစ္စတန်နိုင်ငံသားတွေနဲ့ အပေါင်းအသင်းဖြစ်ပြီး ပတ်စပို့စာအုပ် အတုလုပ်ပုံ လုပ်နည်းပါ သင်ယူတတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ  ထိုင်းမှာ ကျန်ရစ်သူ ဇနီး နဲ့ သမီးကို သတိရတာကြောင့် ၂၀၁၂  ခုနှစ်က မဲဆောက်ဘက်ကနေ ထိုင်းနိုင်ငံထဲ တရားမ၀င်လမ်းကြောင်းကနေ ပြန်ဝင်လာပြီး ပတ်စပို့အတုတွေ လက်ခံလုပ်ပေးနေတာလို့ ဆိုပါတယ်။

သူ့ဆီမှာ စာအုပ်လာလုပ်ဖူးသူတွေမှာ ဆမုတ်ပရကန်က အိန္ဒိယနိုင်ငံသား၊ ဘန်ကောက် ပဒူနမ့်ဈေး နဲ့ ခေါက်ဆန်လမ်းက နိုင်ငံခြားသားတချို့ ပါဝင်ကြောင်း၊ ပတ်စပို့စာအုပ်တွေကိုတော့ ဂျော်နီလို့ခေါ်တဲ့ ပါကစ္စတန်နိုင်ငံသားတဦးဆီက တအုပ်ကို ဘတ် ၄ ထောင်နဲ့  ၀ယ်ယူခဲ့ကြောင်း၊ လောလောဆယ် ဂျော်နီကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ကတော့ ဦးရာဂျူးကို စာရွက်စာတမ်းအတု လုပ်ဆောင်မှု၊ ပတ်စပို့စာအုပ်အတု လုပ်ဆောင်မှု၊ ပတ်စပို့အတု လက်ဝယ်ထားရှိမှု၊ ထိုင်းနိုင်ငံ အချုပ်အာဏာပိုင်နယ်မြေထဲကို ခွင့်ပြုချက်မရဘဲ တရားမ၀င် ၀င်ရောက်လာမှုတွေနဲ့ အမှုဖွင့်အရေးယူသွားမယ်လို့ ပြောသွား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013