DVB Logo
Home
မြန်မာသတင်း
မိဘက မူးယစ်ဆေးစွဲပြီး လျစ်လျူရှုခံရသည့် ကလေးငယ် အာဟာရချို့တဲ့သေဆုံး
DVB
·
July 29, 2017
မိဘက မူးယစ်ဆေးစွဲပြီး လျစ်လျူရှုခံရသည့် ကလေးငယ် အာဟာရချို့တဲ့သေဆုံး
Donate to DVB

ရှမ်းပြည်နယ် ကျောက်မဲခရိုင် မိုးမိတ်မြို့နယ်ဆေးရုံကြီးမှာ  မိဘနှစ်ပါးက မူးယစ်ဆေးစွဲပြီး လစ်လျူရှုထားတဲ့ ကလေး ၄ ဦး  ရောက်ရှိလာပြီး ၁ ဦးမှာ အာဟာရချို့တဲ့လို့  ဇူလိုင် ၂၄ ရက်က သေဆုံးသွားပါတယ်။

အဆိုပါကလေးတွေမှာ မိုးမိတ်နဲ့ ၂၈ မိုင်လောက်ဝေးတဲ့ မိုင်းငေါ့မြို့နယ်ခွဲ ကျောက်လုံးကြီးရွာမှ ပလောင်တိုင်းရင်းသားကလေးတွေဖြစ်ပြီး အာဟာရချို့တဲ့လို့ နေထိုင်မကောင်းဖြစ်ကြရာမှာ အသက် ၁၂ နှစ်ရွယ် သမီးအကြီးဆုံးက  ၂၃ ရက်နေ့က ဆေးရုံကိုခေါ်လာတာလို့ ကလေးတွေကို သွားရောက်ကြည့်ရှုကူညီပေးခဲ့သူ မိုးမိတ်ဒေသခံ ကိုထွန်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“ဆေးရုံမှာ အဲဒီကလေးတွေရောက်နေတဲ့အကြောင်း ဆရာတော်တပါးဆီက သိရတဲ့အတွက် ကျနော်လည်း အကျိုးအကြောင်းသိရအောင်လို့ ၂၅ ရက်နေ့က ဆေးရုံကို သွားတယ်။  အသက် ၁၂ နှစ်ပဲရှိတဲ့ သူတို့အမအကြီးဆုံးက ဆေးရုံကို ခေါ်လာတာ၊ လာတော့ လက်ထဲမှာ ပိုက်ဆံ ၃ ထောင်ပဲရှိတယ်၊ သူတို့မိဘတွေက သူတို့ကို ၁ သိန်းစီနဲ့ ရောင်းစားမယ်လို့လည်း ပြောလို့ ဆေးရုံကို ခိုးပြီးလာတာတဲ့။  မောင်နှမအားလုံး ၅ ယောက်ရှိတယ်။ ဆေးရုံကို ရောက်လာတာက ၄ ယောက်၊ သူတို့ အမကြီးရယ်၊ ၅ နှစ်သားကတယောက်၊ ၂ နှစ်ကျော် မိန်းကလေးက တယောက်၊ အငယ်ဆုံးလေးကလည်း မိန်းကလေး၊ မွေးတာ ရက် ၂၀ ပဲရှိသေးတယ်၊  အဲဒီမှာ ၅ နှစ်သား  လေးကတော့ ၂၃ ရက်နေ့က ဆုံးသွားပြီ။”

ကလေးတွေဟာ အိမ်မှာနေတုန်းကလည်း ထမင်းနပ်မှန်အောင်မစားရကြောင်း၊ အိမ်နီးချင်းနဲ့ ဆွေမျိုးနီးစပ်က ပေးကမ်းတာနဲ့ပဲ စားနေရပြီး ကျန်းမာရေးစောင့်ရှောက်မှုလည်း မရတဲ့အတွက် အဓိက အာဟာရချို့တဲ့ကာ နောက်ဆက်တွဲ ကျန်းမာရေးတွေပါ ချို့တဲ့လာတာလို့ ကိုထွန်းထွန်းက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မိုးမိတ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ စိုးညီညီကလည်း လောလောဆယ် ကလေးတွေကို လိုအပ်တဲ့ ဆေးဝါးနဲ့ အာဟာရတွေ ဖြည့်ဆည်းပေးနေကြောင်း၊ ၅ နှစ်သား ကလေးငယ်ကတော့ ဆေးရုံရောက်လာတာ နောက်ကျတဲ့အတွက် ရောက်တဲ့ညမှာပဲ ဆုံးသွား တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ကလေးရောက်လာတာက ၄ ဦးပေါ့နော် သူတို့အစ်မက ခေါ်လာတာ။ နေမကောင်းတာကတော့ ၃ ယောက်ပဲပေါ့။ အဖေအမေတွေက မူးယစ်ဆေးစွဲပြီး ကလေးတွေကို မကြည့်နိုင်ဘူး။ မွေးကာစ ရက်ပိုင်းပဲရှိတဲ့ ကလေးကိုလည်း နို့လည်းမတိုက်နိုင်ဘူးပေါ့၊ ၅ နှစ်သားလေးကတော့ ဆေးရုံကိုရောက်လာတာ နောက်ကျလို့ ရောက်တဲ့ညမှာပဲ ဆုံးသွားတယ်။ ရောဂါလက္ခဏာက အာဟာရ ချို့တဲ့တာ၊ ပိန်လှီခြောက်ကပ်ပြီး မျက်တွင်းတွေ ဟောက်နေတယ်။ အခု ကျန်တဲ့ကလေးတွေတော့ ကျနော်တို့ဆေးရုံက လိုအပ်တဲ့ ဆေးဝါးနဲ့ အာဟာရတွေကို အထောက်အပံ့ ပေးထားပါတယ်”

ကလေးတွေ ဆေးရုံရောက်ကြောင်း သတင်းကြားသိရတဲ့အတွက် လူပုဂ္ဂိုလ်နဲ့ လူမှုကူညီရေးအဖွဲ့တွေလည်း လာရောက်ကူညီပေးနေတာရှိပြီး သူတို့ရဲ့ ရေရှည်ရပ်တည်ရေး အတွက်ကတော့ သက်ဆိုင်ရာဆွေမျိုးတွေနဲ့ တိုင်ပင်ရမယ်လို့ ဒေါက်တာက ဆက်ပြောပါတယ်။

မိုးမိတ်မြို့နယ်ထဲမှာ မူးယစ်ဆေးသုံးစွဲသူတွေ များပြားတာကြောင့် မကြာသေးခင်က မူးယစ်ဆေးဖြတ်ဌာန၊ ပြန်လည်ထူထောင်ရေးဌာန ဖွင့်လှစ်ခဲ့ပြီး လောလောဆယ် တက်ရောက်ကုသနေ သူ ၅၀ ကျော်ရှိကြောင်း၊ အားလုံးမှာ လူလတ်ပိုင်းတွေပဲ ဖြစ်တယ်လို့  ဒေါက်တာ စိုးညီညီက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013