DVB Logo
Home
မြန်မာသတင်း
ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းတွင် တံတား ၂ စင်း ရေစီးထဲမျော၊ သွားလာခွင့်ပိတ်ထား
DVB
·
July 28, 2017
ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းတွင် တံတား ၂ စင်း ရေစီးထဲမျော၊ သွားလာခွင့်ပိတ်ထား
1 / 5
Donate to DVB

မိုးသည်းထန်စွာရွာပြီး တောင်ကျရေတိုက်စားမှုကြောင့် ကရင်ပြည်နယ်၊ ကြားအင်း ဆိပ်ကြီး-ဘုရားသုံးဆူလမ်းက တံတား ၂ စင်း ရေစီးထဲ မျောပါသွားပြီး လမ်းခရီးသွားလာမှု ပြတ်တောက်နေကာ မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က “တံတား ၂ စင်း မျောပါသွားတဲ့အတွက် လမ်းကတော့ ပျက်သွားတာပေါ့။ လမ်းက သွားလို့မရတော့ဘူးပေါ့။ ပြန်ပြုပြင်ဖို့အတွက် တံတားအထူးအဖွဲ့နဲ့ ပစ္စည်းတွေ စုနေတယ်။ အဲ့ဒီနားက ရေစီးလည်း သန်တော့ လူတွေက လှေတွေ၊ ဖောင်တွေနဲ့ ကူးပြီးတော့ သွားတယ်။ ကားတွေကတော့ သွားလို့မရဘူး။ ကားတွေက ဘုရားသုံးဆူ သွားမယ့်ကားက သံဖြူဇရပ်ဘက်က လှည့်ပေါ့။ မနှစ်က ဒီလောက်အထိ မဖြစ်ခဲ့ဘူး” လို့ ပြောပါတယ်။

ဇူလိုင် ၂၆ ရက်နေ့ ညပိုင်းက ရေတိုက်စားမှုကြောင့် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ လမ်းပေါ်ရှိ မိုင်တိုင်အမှတ် ၂၀/၀-၁ ရှိ ယာယီ ဘေလီတံတား (ကွင်းကြီးတံတား) နဲ့ မိုင်တိုင်အမှတ် ၃၀/၀-၁ရှိ ယာယီဘေလီတံတား (မက္ကလာတံတား) စတဲ့ တံတား၂ စင်း ပျက်စီးခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး အခက်တွေ့နေတယ်လို့ ဦးမျိုးအောင် ဆိုပါတယ်။

“ရေတွေကြီးနေတယ်။ တချို့နေရာတွေက မိုးများတော့ ရေ၀င်တာကိုး။ ပိုးမွှားအန္တရာယ်တွေ ဂရုစိုက်ကြပါ။ မနှစ်က အဲ့လောက်ထိ မဖြစ်ဘူး။ ဒီနှစ်က မိုးတွေ စုရွာတဲ့အတွက် ရေက ပြုံလာတာပေါ့။ တခြားပျက်စီးတာတော့ မရှိပါဘူး။ ကြာအင်းဆိပ်ကြီးမှာတော့ မြေအနိမ့်ပိုင်းလေးတွေပဲ ရေ၀င်တာရှိပါတယ်။ ကမ်းပါးတွေ ရေမကျော်သေးပါဘူး။”

အဆိုပါ တံတားတွေကို တံတားအထူးအဖွဲ့ ၁၄ ဖွဲ့နဲ့ အမြန်ဆုံးပြုပြင်နိုင်ဖို့ ဆောင်ရွက်နေပြီး ကြာအင်းဆိပ်ကြီး မြို့နယ်က မြေနိမ့်ပိုင်းတွေမှာလည်း ရေကျော်နေကြောင်း သိရပါတယ်။

ကရင်ပြည်နယ်၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နီနီအောင်က “ကယ်ဆယ်ရေးအဖွဲ့အနေနဲ့ အဲ့ဒီက ရေကြီးလို့ ပြောင်းရွှေ့နေရတဲ့ အိမ်တွေကိုတော့ ဆန်ရိက္ခာတွေ ထောက်ပံ့ပေးဖို့ရှိတယ်” လို့ ပြောပါတယ်။

ပျက်စီးသွားတဲ့ ကွင်းကြီးတံတားဟာ ပေ ၁၀၀ ရှည်လျားပြီး ယက္ကလာတံတားကတော့ ပေ ၁၂၀ ရှည်လျားကြောင်း သိရပါတယ်။

ပြန်လည်ပြုပြင်နေတာကြောင့် လမ်းခရီးသွားလာမှု ပြတ်တောက်မယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ် လမ်းတံတားဦးစီးဌာနကလည်း ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

အလားတူ ရန်ကုန်-မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မဟဲဆီချောင်းကူးတံတားမှာ တောင်ကျရေဆင်းလာမှုကြောင့် ဇူလိုင် ၂၆ ရက် ည ၁၁ နာရီကျော်က ပြိုကျသွားခဲ့တာကြောင့် လမ်းပိတ်ထားရကြောင်း သိရပါတယ်။

အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013