DVB Logo
Home
မြန်မာသတင်း
အစိုးရဘက်ကစပြီး စိတ်ဓာတ်ပြောင်းလဲရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
DVB
·
July 28, 2017
အစိုးရဘက်ကစပြီး စိတ်ဓာတ်ပြောင်းလဲရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
Donate to DVB

နိုင်ငံသားတွေ စိတ်ဓာတ်ပြောင်းလဲစေချင်တယ် ဆိုရင် ပထမဦးဆုံး အစိုးရဘက်ကနေပြီးစပြီး ပြောင်းလဲဖို့လိုတယ်လို့  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဇူလိုင် ၂၇ ရက်ညက နေပြည်တော်မှာရှိတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနမှာ ကျင်းပတဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားမှာ ပြောကြားခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ ရွေးကောက်ပွဲဝင်တဲ့ အခါတုန်းက ပြောင်းလဲချိန်တန်ပြီဆိုပြီးတော့ ၀င်ခဲ့ပါတယ်။ အဲဒီလို ဆောင်ပုဒ်နဲ့ ၀င်ခဲ့တော့ ပြောင်းလဲချိန်တန်ပြီ ဆိုသည်မှာ ပြောင်းလဲဖို့အဓိကက စိတ်ဓာတ်ပြောင်းလဲဖို့ ဖြစ်ပါတယ်။ ကျမတို့ဟာ ဒီမိုကရေစီ လှုပ်ရှားမှုကို စတင်ကတည်းက တချို့က ဒီမိုကရေစီ တော်လှန်ရေးလို့ ပြောကြတယ်။ ကျမတို့ တော်လှန်ရေးဟာ အကြမ်းဖက်တဲ့ တော်လှန်ရေးမျိုး မဟုတ်ပါဘူး။ အဓိက ကတော့ စိတ်ဓာတ်ပြောင်းလဲရေးပဲဖြစ်တယ်။ စိတ်ဓာတ်ကို မပြောင်းလဲဘဲနဲ့တော့ ဘာကိုမှ တကယ် ထိထိရောက်ရောက် ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ ကျမတို့ စိတ်ဓာတ် ပြောင်းလဲဖို့ဆိုတာက ပြည်သူ ပြည်သားတွေ၊ နိုင်ငံသူ နိုင်ငံသားတွေ စိတ်ဓာတ်ပြောင်းလဲစေချင်တယ်ဆိုရင် ပထမဦးဆုံး အစိုးရဘက်ကနေပြီးစပြီး ပြောင်းလဲဖို့လိုပါတယ်"လို့ ပြောပါတယ်။

ပြည်သူ့အစိုးရဆိုတာ  သုံးသပ်ဝေဖန်မှုကို မှန်မှန်ကန်ကန် သတ္တိရှိရှိနဲ့  ရင်ဆိုင်ရမယ်၊ ပြည်သူတွေရဲ့ အထင်အမြင်၊ အယူအဆ တွေကို  လေးစားရမယ်၊ ပြည်သူတွေထံက မဲဆွယ်အမျိုးမျိုး စည်းရုံးခဲ့ပြီး အစိုးရဖြစ်တဲ့အခါ ပြည်သူ့ဆန္ဒကို လျစ်လျူရှုတာဟာ အစိုးရကောင်းတွေရဲ့ အလုပ်မဟုတ်ဘူးလို့လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

အတိုင်ပင်ခံရုံးဝန်ကြီးဌာနဟာ ပြည်သူ ပြည်သားတွေနဲ့ အစိုးရကြားမှာ ယုံကြည်မှုရှိအောင် တည်ဆောက်တဲ့နေရာမှာ အဓိက ကျတဲ့ ၀န်ကြီးဌာနဖြစ်တယ်၊  ဒီဝန်ကြီးဌာန ထူထောင်ရတဲ့ အကြောင်းရင်းမှာ ရွေးကောက်ပွဲမတိုင်မီ ပြည်သူတွေထံ တင်ပြခဲ့တဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ဖို့ဖြစ်တယ်၊ ငြိမ်းချမ်းရေးရအောင် လုပ်ဖို့ဆိုတာ အတိုင်ပင်ခံရုံးရဲ့ အဓိက ရည်ရွယ်ချက်ပဲဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ဝန်ကြီးဌာနကို ခုအစိုးရသစ်လက်ထက် မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒေါက်တာ မြင့်ထွေးနဲ့ ဒေါက်တာဝင်းမြတ်အေး၊ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ ဒုတိယ ၀န်ကြီး ဦးမင်းသူနဲ့ ဦးကျော်တင်၊ ညွှန်ကြားရေးမှူးချုပ်တွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013