DVB Logo
Home
မြန်မာသတင်း
လယ်ဧက ၂၀၀ ခန့်တွင်းက စပါးပင်များကို ကိုက်ဖြတ်သည့် ခရုများကို စုပေါင်းကောက်
DVB
·
July 28, 2017
လယ်ဧက ၂၀၀ ခန့်တွင်းက စပါးပင်များကို ကိုက်ဖြတ်သည့် ခရုများကို စုပေါင်းကောက်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် အောင်မင်္ဂလာရပ်ကွက်အနီးရှိ လယ်မြေ ဧက ၂၀၀ ခန့်မှာ သက်ငယ်စပါးပင်တွေကို ကိုက်ဖြတ်တဲ့ ခရုတွေ ကျရောက်နေတာကြောင့် ဌာနဆိုင်ရာတွေ စုပေါင်းပြီး ရွှေခရုကောက်ပွဲကို ဇူလိုင် ၂၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

အောင်မင်္ဂလာရပ်ကွက်မှ ဒေါ်ဝင်းကြည်က “ကျမတို့မှာ လူတယောက် နှစ်ထောင်နဲ့ ခရုကောက်ဖို့ လူငှားနေရပါတယ်။ ကောက်ပြီး ပြန်ရင် ပြန်ပေါ်လာပြန်ရင်း ဖြစ်နေပါတယ်။ မနိုင်မနင်း ဖြစ်နေလို့ ဌာနဆိုင်ရာကို အကူအညီတောင်းရတာပါ။ ခရုတွေက ဘယ်လို ပွားခဲ့ကုန်လည်း မသိဘူး။ အမြဲတမ်း ပွားလို့ နေပါတယ်။ ကောက်လို့ကို မနိုင်လောက်အောင် ဖြစ်နေတာ။ ဒီနေ့ ဒီနေရာ၊ မနက်ဖြန်လည်း ဒီနေရာ၊ သန်ဘက်ခါလည်း ဒီနေရာ တနေရာတည်းကို ကောက်လို့မပြီးနိုင်အောင် ဖြစ်နေတာ။ မနှစ်ကတော့ နည်းနည်းပါးပါးလေး ကောက်လိုက်၊ ထုကွဲလိုက် အဲဒီလိုလေးနဲ့ ပြီးနေတာ။ ဒီနှစ်က မကောက်နိုင်လောက်အောင် ဖြစ်နေတာပါ”လို့ ပြောပါတယ်။

အင်းတော်မြို့နယ် စိုက်ပျိုးရေးဌာနက ဦးစီးအရာရှိ ဦးစိုးရွှေက “အင်းတော်မြို့နယ် အင်းတော်လေးအင်းနဲ့နီးတဲ့ ၁၀၃၃ ကွင်း၊ ၁၀၃၈ ကွင်း၊ ၁၀၂၉ ကွင်း၊ သက္ကယ်ကျင်း၊ ပေပင်ကွင်းတွေမှာ ရွှေခရုတွေ လယ်တွေမှာ အမြောက်အမြား ကျရောက်ပြီး စပါးပင်တွေကို ဖျက်ဆီးတယ်။ ကျနော်တို့က တောင်သူတွေကို ပညာပေးတယ်။ ခရုက ပါးဟက်နဲ့လည်း အသက်ရှင်နိုင်တယ်။ အဆုပ်နဲ့လည်း အသက်ရှင်နိုင်တဲ့အတွက် ကောက်ယူပြီးရင် နင်းချေ ထုချေပြီးတော့ ဖျက်ဆီးမှသာ သေကျေမှာ ဖြစ်ပါတယ်။ ချောင်းထဲ မြောင်းထဲမှာ ပြန်ပြီးလွှတ်မယ်ဆိုရင် သေမှာ မဟုတ်ပါဘူး။ မြေထဲ မြှုပ်မယ်။ ဒါမျိုးလုပ်မှ သေမှာပါ။ ခရုက ၂ နှစ်မှ ၁၀ နှစ်အထိ သက်တမ်းရှိတဲ့အတွက် နှိမ်နင်းမယ်ဆိုရင် စုပေါင်းကောက်ယူတဲ့နည်း၊ ဥတွေကို ဖျက်ဆီးတဲ့နည်း၊ ၁ ဧက ပိသာ ၁၅၀ သို့မဟုတ် ၉ ပိဿာဝင်ထုံး ၁၆ အိတ်ကို သတ်မှတ်တဲ့ နှုန်းထားပြည့်အောင် ဖျန်းမှသာ ဒီခရုကို နှိမ်နှင်းနိုင်မှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အင်းတော်မြို့နယ်အောင်မင်္ဂလာ စာသင်ကျောင်းအနီးရှိ လယ်ကွင်း ၂၀၀ ခန့်မှာ သက်ငယ်စပါးပင်တွေကို ကိုက်ဖြတ်စားသောက်တဲ့ ခရုတွေ ကျရောက်နေပြီး အရင်နှစ်တွေကထက် အများအပြား ကျရောက်နေတဲ့အတွက် လယ် ၂၅ ဧကခန့် ပျက်စီး ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။

ဇူလိုင်၂၇ ရက် မနက် ၇ နာရီအချိန် အင်းတော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး စိုက်ပျိုးရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းများ၊ ဒေသခံတောင်သူများ စုပေါင်းပြီး ရွှေခရု ကောက်ယူနှိမ်နှင်းပွဲ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013