DVB Logo
Home
မြန်မာသတင်း
ငဝန်​မြစ်ရေကြီးပြီး ​ကမ်းပါးပြို​သဖြင့် အိမ်ခြေ ၉၀ ခန့် ပြောင်းရွှေ့
DVB
·
July 27, 2017
ငဝန်​မြစ်ရေကြီးပြီး ​ကမ်းပါးပြို​သဖြင့် အိမ်ခြေ ၉၀ ခန့် ပြောင်းရွှေ့
1 / 6
Donate to DVB

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟသာင်္တမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာမှာ ငဝန်မြစ်ရေကြီးပြီး ကမ်းပါးပြိုနေတဲ့အတွက် အိမ်ခြေ ၉၀ လောက် ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေလယ်ကျွန်းကျေးရွာမှ ရာအိမ်မှူး ဦးဌေးလှိုင်က “အိမ်ခြေ ၂၁၂ အိမ် ရှိတဲ့အထဲက အိမ်ခြေအလုံး ၉၀ လောက်က ကမ်းပါးပြိုကျလို့ ပြောင်းရွှေ့ပြီးသွားပြီ။ လောလောဆယ် ငဝန်မြစ်ရေကြီးပြီး ရေမြုပ်၊ ကမ်းကလည်း ပြိုနေတယ်။ အိမ်ဆယ်လုံးလောက်က လတ်တလော ပြောင်းရွှေ့ရမယ့် အနေအထားမှာ ရှိတယ်။ အစိုးရက လာကူညီထောက်ပံ့မှုတွေတော့ လုပ်ထားပေးတယ်”လို့ ပြောပါတယ်။

ငဝန်မြစ်ရေ တက်လာကာ သောက်သုံးရေ အခက်အခဲ ကြုံနေရတာအပြင် ပြီးခဲ့တဲ့ ၁၀ ရက်ကလည်း မြစ်ရေနူးပြီး သစ်ပင်ပြိုကျခဲ့တာကြောင့် နေအိမ်တလုံးလည်း ပျက်စီးခဲ့ပါတယ်။

"မြေနေရာအခက်အခဲတွေ ဖြစ်နေတာပေါ့။ မြေနေရာအတွက် ၁ ကန့်ကို သုံးသိန်းလောက် ပေးဝယ်နေရတယ်။ အချို့အိမ်တွေကလည်းရွာထဲ လွတ်နေတဲ့မြေနေရာတွေမှာ ပြောင်းရွေ့ နေကြရတယ်။ အိမ်ပြောင်းရွေ့မှုဒုက္ခတွေ ကြုံတွေ့ရတာပေါ့။ လုပ်စားတဲ့ ကိုင်းယာမြေတွေ မှာလည်း ပြောင်းရွေ့နေကြရတယ်။ လူဦးရေ ၂၅၀ ကျော်လောက် ကမ်းပြိုဒုက္ခခံစားနေ ရတာပါ"လို့ ရေလယ်ကျွန်းကျေးရွာမှ ကျောင်းဆရာဦးဝင်းလှိုင်က ပြောပါတယ်။

"ရွာကရေကြီးနေတယ်။ နောက်ပြီးရွာထိပ်ကလည်း ကမ်းပြိုနေတာ။ ဘုန်းဘုန်းတို့ ကျောင်းဘက်ပြောင်းရွေ့လာရတဲ့ အိမ်တွေလည်းရှိတယ်။ နောက်ပြီး ရေတက်နေတာကြောင့် သွားရေးလာရေး အခက်အခဲတွေရှိတယ်။ လှေမရှိတဲ့အတွက်ကြောင့်ပေါ့။ ဘုန်းဘုန်းတို့ ကျောင်းက လှေကား ၇ ထစ်ရှိတယ်။ လောလောဆယ် ၂ ထစ်လောက်ပဲကျန်တော့တယ်။ သောက်သုံးရေကတော့ ဘုန်းကြီးတို့ကျောင်းကိုရွာထဲက လာခပ်နေကြရတယ်။ ရေက ဒီနေ့ နည်းနည်းလေးတော့ ပြန်ကျတဲ့အနေအထားမှာရှိတယ်” ရေလယ်ကျွန်းကျေးရွာမှ ကျောင်းထိုင်ဆရာတော်က ပြောပါတယ်။

ကျေးရွာရှိ ရေတွင်းတွေ ရေမြုပ်မယ့်အခြေအနေရှိတဲ့အတွက်သောက်သုံးရေ အခက်အခဲ ရှိနေပါတယ်။ ပြီးခဲ့တဲ့ရက်ကလည်း အိမ်တလုံးလည်း ရေနူးပြီး သစ်ပင်ပိတာကြောင့် ပျက်စီးသွားကြောင်း သိရပါတယ်။

ရေလယ်ကျွန်းကျေးရွာဟာ ငဝန်မြစ်ရေ တိုက်စားမှုဒဏ်နဲ့ မြစ်ရေကြီးမှုဒဏ်တွေကို နှစ်စဉ် ခံစားနေရတာလည်း ဖြစ်ပါတယ်။

သတင်း - ထက်ဝေလင်း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013