DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးအစစ်အမှန်ရနိုင်ဖို့အတွက် ပြည်တွင်းပြည်ပ ကရင်လူထု ကေအန်ယူကို ကူညီမည်
DVB
·
March 5, 2012
ငြိမ်းချမ်းရေးအစစ်အမှန်ရနိုင်ဖို့အတွက် ပြည်တွင်းပြည်ပ ကရင်လူထု ကေအန်ယူကို ကူညီမည်
Donate to DVB

မြန်မာနိုင်ငံတွင်း နိုင်ငံရေးအခြေအနေနဲ့ ကရင်အမျိုးသားတွေရဲ့ အနာဂတ်ရေးကို ဆွေးနွေးတဲ့ နှီးနှောဖလှယ်ပွဲတခု  ကရင်ပြည်တွင်းတနေရာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက် မှ မတ် ၁ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ အစည်းအဝေးအတွင်း ပြည်တွင်းပြည်ပက ကရင်ခေါင်းဆောင်တွေ ဘာသာရေးခေါင်းဆောင်တွေနဲ့ လူငယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။



[caption id="attachment_22075" align="alignright" width="300" caption="                နန့်ဇိုရာဖန်း"][/caption]

အစည်းအဝေးအပြီး ဒီနေ့မှာတော့ ဘန်ကောက်မြို့ရှိ ဖောရင်းကော်ရင်စပေါ့ဒင်းကလပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ကရင်နှီးနှောဖလှယ်ပွဲအတွင်း ဘာတွေ ဆွေးနွေးပြောဆိုခဲ့လဲဆိုတာကို အစည်းအဝေးနဲ့ ပတ်သက်ပြီး ဥရောပ ကရင်ကွန်ယက်ဥက္ကဌလည်းဖြစ် ယူကေကရင်ကွန်မြူနီတီ အကြံပေး တဦးဖြစ်တဲ့ နန့်ဇိုရာဖန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

“ပြီးခဲ့တဲ့ အပတ်က ကရင်တမျိုးသားလုံးရဲ့ ညီလာခံကြီးမှာတော့ တက်ရောက်တဲ့ ကရင်ကိုယ်စားလှယ်တွေ အသီးသီးက တင်ပြဆွေးနွေးတဲ့ အချက်အလက်တွေ၊ ကရင်တမျိုးသားလုံးအတွက် အခြေအနေတွေရယ်၊ ပြီးတော့ အခုလက်ရှိ ကရင်အမျိုးသားအစည်းအရုံးရယ်၊ ဦးသိန်းစိန် အစိုးရရဲ့ အကြောင်းပါ တွေ့ဆုံဆွေးနွေးပွဲတွေအပေါ်မှာ ကျမတို့ရဲ့ အမြင်တွေနဲ့ အခြေအနေကို သုံးသပ်ဆွေးနွေးနေတဲ့ အကြောင်းအရာတွေကို ဒီနေ့ ပြန်ပြီး တင်ပြတာ ဖြစ်တယ်။”

ကရင် နှီးနှောဖလှယ်ပွဲမှာ လူတွေ တော်တော်များများလည်း တက်ရောက်ကြတယ်။ ကရင်အမျိုးသား အစည်းအရုံးနဲ့ လက်ရှိအစိုးရနဲ့ တွေ့ဆုံမှုအပေါ်မှာ ဘယ်လိုများသဘောထားကြလဲ။

“အဓိကတော့ ကရင်အမျိုးသားအစည်းအရုံးနဲ့ ဦးသိန်းစိန် အစိုးရရဲ့ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပေါ့။ ပဏာမ အပစ်အခတ် ရပ်စဲရေးကိုလည်း ကရင်လူထုကြီးက ကြိုဆိုထောက်ခံတယ်။ နောက်လာမယ့် အဆင့်မှာ နိုင်ငံရေး ဆွေးနွေးပွဲရော ပြီးတော့ ငြိမ်းချမ်းရေး အစစ်အမှန်ရနိုင်ဖို့အတွက် တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေအားလုံးက တတ်နိုင်သလောက်၊ ၀ိုင်းဝန်းကူညီပြီးတော့ ပံ့ပိုးသွားမယ်လို့လည်း ကျမတို့ ဆွေးနွေးခဲ့ပါတယ်။”

ကေအန်ယူအဖွဲ့အစည်းနဲ့ ဦးသိန်းစိန်အစိုးရ တွေ့နေတဲ့ အချိန်မှာတော့ ကေအန်ယူ ဗဟိုကော်မတီဝင် တယောက်ဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်လည်း အခုလက်ရှိ ရုံးထုတ် စစ်ဆေးခံနေရတယ်။ အမှုတွေ အများကြီးနဲ့ အစွဲခံထားရတယ်ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကရင်နှီးနှောဖလှယ်ပွဲ အတွင်းမှာရော ဘာများပြောသွားသေးလဲ။

“ကျမတို့ အများကြီး ဆွေးနွေးခဲ့ပါတယ်။  အခုလက်ရှိ  အခြေအနေဟာ ဦးသိန်းစိန် အစိုးရက ကေအန်ယူနဲ့လာပြီးတော့ ငြိမ်းချမ်းရေးစကားတွေ လာပြောနေတယ်။ အပစ်အခတ်ရပ်စဲရေး လုပ်ဖို့အတွက်လည်း ဆွေးနွေးနေတယ်။ တဆက်တည်းမှာပဲ ကရင် နိုင်ငံရေး အကျဉ်းသားတွေကို ဆက်လက်ဖမ်းဆီးတယ်။ မန်းငြိမ်းမောင် အပါအ၀င်ပေါ့။ ဒါကတကယ်ပဲ လက်မခံနိုင်စရာ အကြောင်းတခု ဖြစ်ပါတယ်။ ဦးသိန်းစိန် အစိုးရဘက်က စစ်မှန်တဲ့ ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင် လက်ရှိနိုင်ငံရေး အကျဉ်းသားတွေအားလုံး လွှတ်ပေးရမှာ ဖြစ်သလို ကရင်နိုင်ငံရေး အကျဉ်းသားတွေကိုလည်း လွှတ်ပေးရပါမယ်။ မန်းငြိမ်းမောင်ကိုလည်း အဓိကထား လွှတ်ပေးရမယ်။ ဒါကို ဆွေးနွေးခဲ့ပါတယ်။”

အမတို့ ထုတ်ထားတဲ့ ကြေညာချက်ထဲမှာ တွေ့တာပေါ့။ ဥရောပ သမဂ္ဂနဲ့ အမေရိကန် နိုင်ငံတို့အနေနဲ့ ကရင်ပြည်သူတွေ၊ မြန်မာပြည်သူတရပ်လုံးအတွက် ခိုင်မာတဲ့ အပြောင်းအလဲ တစုံတရာ မဖြစ်ပေါ်သေးသရွေ့ ဆက်လက် ဖိအားပေးဖို့ တောင်းဆိုထားတယ်။ စစ်မှန်တဲ့ အပြောင်းအလဲဆိုတာ ဘယ်လိုမျိုး ပြောင်းလဲမှုကို လိုချင်တာလဲ။ လူထုတွေအနေနဲ့ပေါ့လေ။ အခုက ဘာတွေ ဘယ်လိုဖြစ်နေသေးလို့လဲ။

“အခုမြန်မာပြည်ရဲ့ လက်ရှိအခြေအနေမှာ ရန်ကုန်နဲ့ နေပြည်တော်တို့မှာ နို်င်ငံရေး ပြောင်းလဲမှု တချို့တလေတော့ ရှိနေပါတယ်။ ဒါကိုလည်း ကျမတို့ ကြိုဆိုပါတယ်။ ဒါပေမယ့် တကယ့် တိုင်းရင်းသားဒေသတွေမှာ ရှိနေတဲ့ပြည်သူလူထု၊ အဓိကအားဖြင့် ကရင်ပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေအတွက် ဘာမှတိုးတက်မှု မရှိသေးဘူးလို့ ကျမတို့ မြင်ရတယ်။ တက်ရောက်လာတဲ့ ကိုယ်စားလှယ်အသီးသီးတွေလည်း ဆွေးနွေးကြတယ်။ အဲဒီအပေါ်မှာ ကျမတို့က နိုင်ငံတကာရဲ့ အခုလက်ရှိ ဖိအားပေးမှုတွေကို သူတို့ကဆက်ထားဖို့၊ အခုမြန်မာပြည်ရဲ့ ပြောင်းလဲမှုတွေက အပေါ်ယံပဲရှိသေးတယ်။ ဒီ့ထက် လက်တွေ့ကျကျ ပြောင်းလဲမှု မဖြစ်သေးဘူး။ ကရင်ပြည်နယ်မှာဆိုရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေက မပြီးဆုံးသေးဘူး၊ တခြားတိုင်းရင်းသား ဒေသတွေမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီးရှိသေးတယ်။ ပြီးတော့ အခုလက်ရှိ အပစ်အခတ် ရပ်စဲရေးပြောနေတဲ့ အချိန်မှာလည်း ဒါက ပဏာမအဆင့်ပဲ ရှိသေးတယ်။ တကယ်စစ်မှန်တဲ့ အပစ်အခတ် ရပ်စဲရေးလည်း မရောက်သေးဘူး။ တဆက်တည်းမှာပဲ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းဖို့ မသက်ရောက်သေးဘူး။ စစ်မှန်တဲ့ နိုင်ငံရေးငြိမ်းချမ်းမှုကို ကျမတို့မရသေးပါဘူး။ ဒီလိုအချိန်မှာ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ ဆက်ထားသင့်တယ်လို့ ကျမတို့က မြင်ပါတယ်။”

အခုထုတ်ထားတဲ့ ကြေညာချက်မှာ ပြည်တွင်းဒုက္ခသည်နဲ့ ပတ်သက်လို့ ပြောဆိုထားတာရှိတယ်။ ပြည်တွင်းဒုက္ခသည်ဆိုတာ ပြန်ပို့ဖို့ ဘယ်လိုအချိန်မှ အဆင်ပြေမယ့် အချိန် ဖြစ်သလဲ။

“အချိန်ကတော့ ကရင်အမျိုးသားအစည်းအရုံးက ချမှတ်ထားတဲ့ လုပ်ငန်းစဉ်က ၄ ဆင့်ဖြစ်ပါတယ်။ ပထမ အဆင့်ကတော့ အခု ပဏာမ အပစ်အခတ် ရပ်စဲရေး အဆင့်ပေါ့၊ ဒုတိယ အဆင့်ကတော့ စစ်မှန်တဲ့ အပစ်အခတ် ရပ်စဲရေး ဖြစ်ဖို့အတွက်၊ တတိယ အဆင့်ကတော့ နိုင်ငံရေး ဆွေးနွေးပွဲတခုဖြစ်မြောက်ဖို့ပေါ့၊ နောက်ဆုံး အဆင့်ကတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့အတွက်ပါ။ ဒါကြောင့် ဒီနိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်မှ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မဖြစ်သေးသရွေ့ ပြည်တွင်းမှာရှိတဲ့ ဒုက္ခသည်တွေ အပါအ၀င် နယ်စပ်မှာရှိတဲ့ ဒုက္ခသည်တွေလည်း သူတို့ကို ပြန်ပို့ဖို့အချိန် မသင့်တော်သေးဘူးလို့ အစည်းအဝေးမှာ ကျမတို့ သုံးသပ်ခဲ့ပါတယ်။”

တခြား ဘာများပြောချင်တာ ရှိပါသေးလဲ။

“နောက်ဆုံးပြောချင်တာတော့ ကရင်တမျိုးသားလုံးရဲ့ ညီလာခံမှာ ကျမ အင်မတန်ကို ကျေနပ်အားရမိတယ်။ ဘာလို့လဲဆိုတော့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်အသီးသီး ဆွေးနွေးကြသလို တိုင်ပင်ကြတယ်။ ကရင်တမျိုးသားလုံးအတွက် ၀ိုင်းဝန်းပြီးတော့ ကေအန်ယူ အစည်းအရုံးကိုလည်း တတ်နိုင်သလောက် ပံ့ပိုးနေမယ်လို့ ကျမတို့ ဆွေးနွေးခဲ့တယ်။ ဒါက တကယ် ကျေနပ် အားရစရာ ကောင်းတဲ့ အခြေအနေပါ။ ပြီးတော့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေထဲမှာ ဘာသာရေး ခေါင်းဆောင်တွေလည်း ပါသလို လူငယ် ခေါင်းဆောင်တွေ၊ အမျိုးသမီး ခေါင်းဆောင်တွေရယ်၊ လူ့အခွင့်အရေးမှာ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေရယ်၊ ကယ်ဆယ်ရေး လုပ်ငန်းမှာ လုပ်နေတဲ့ အဖွဲ့အစည်းတွေရယ်၊ နိုင်ငံရေး ခေါင်းဆောင်တွေရယ်၊ အလွှာပေါင်းစုံကိုတွေ့ရတယ်။ ကရင် အနာဂတ်အတွက် တကယ်ကောင်းတဲ့ လက္ခဏာဖြစ်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013