DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးမြို့နယ် ကျေးရွာအချို့ ချောင်းကူးတံတား မရှိသည့်အတွက် သွားလာရေး ခက်ခဲ
DVB
·
July 27, 2017
Donate to DVB

တိုက်ကြီးမြို့နယ်၊ ဖလုံဘူတာကျေးရွာအုပ်စု ဂေါ်ရင်ဂျီကုန်းကျေးရွာနဲ့ ဖလုံဘူတာကျေးရွာ သွားတဲ့လမ်းမှာရှိတဲ့ အကျယ်ပေ ၈၀ ရှိ မာဂရီချောင်းမှာ တံတားမရှိတဲ့အတွက် မီးရထားသံလမ်းကို အားပြုပြီး သွားလာနေရပါတယ်။

ကျေးရွာ ၅ ရွာက ပြည်သူ ၂၀၀၀ ကျော်တို့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနဲ့ ကျောင်းသား ကျောင်းသူ ၂၅၀ ကျော်တို့ ကျောင်းသွား ကျောင်းပြန် သွားလာရေး အခက်အခက်နဲ့ ရင်ဆိုင်နေရပါတယ်။ တံတားတစင်း တည်ဆောက်ပေးဖို့ အစိုးရထံ စာတင် တောင်းဆိုသွားမယ်လို့ ရပ်မိရပ်ဖတဦးဖြစ်သူ ဦးမြင့်စိုးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ကျေးရွာအပြင် စမ်းတဲ့စုကျေးရွာ၊ ကတက်ကုန်းကျေးရွာ၊ ရေဖြူအင်းကျေးရွာ၊ သာခေါပလောကျေးရွာက ဒေသခံတွေက စပါးနဲ့ ကလောစိုက်ပျိုးရေးကို အဓိကစိုက်ပျိုးပြီး ရောင်းချချိန်ရောက်တော့ တံတားမရှိတဲ့အတွက် သယ်ယူစရိတ်က အရမ်းမြင့်ပါတယ်။ ခုချိန်မှတော့ မီးရထားသံလမ်းပေါ်က ဖြတ်ပြီးသွားနေရတဲ့အတွက် ကျောင်းသွားတဲ့ ကလေးတွေမှာလည်း မီးရထားအန္တရာယ်နဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့အပြင် ကျေးရွာဖွံ့ဖြိုးမှုမှာလည်း နောက်ကျနေရတယ်။ နိုင်ငံတော်ကိုလည်း အလုံးစုံ မတောင်းဆိုချင်ဘူး။ တံတားအတွက် ကျေးရွာရန်ပုံငွေ သိန်း ၅၀ ရှိပါတယ်။ ဒါကြောင့် ထပ်မံပြီး အစိုးရက ချပေးတဲ့ငွေနဲ့ သံကူကွန်ကရစ်တံတားတစင်း ဖြစ်မြောက်စေချင်တဲ့အတွက် ရည်ရွယ်ပြီး အခုလိုတောင်းဆိုရတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကတက်ကုန်းကျေးရွာက တောင်သူတဦးက “ကျနော်တို့က လယ်သမားဖြစ်တဲ့အတွက် အလုပ်မအားတာက များတယ်လေ။ ဒါကြောင့် ကလေးတွေ ကျောင်းသွားရင် လိုက်မပို့နိုင်တာ များတယ်။ အဲဒီအခါကျတော့ ကလေးတွေ မီးရထားသံလမ်းပေါ်က သွားရင် စိတ်ပူနေရတယ်။ စပါးရောင်းပြန်တော့လည်း တံတားမရှိတော့ ကုန်ကျစရိတ်က ပိုများပါတယ်။ ညဘက်ပြန်လာတဲ့ စက်ဘီး၊ ဆိုင်ကယ်တွေ ခဏခဏ ချောင်းထဲ ပြုတ်ကျတာတွေ ရှိပါတယ်။ ဒါကြောင့် ကျနော်တို့ဒေသအတွက် တံတားတစင်း အမြန်ဆုံး လိုအပ်ပါတယ်”လို့  ပြောပါတယ်။

ဂေါ်ရင်ဂျီကုန်းကျေးရွာဟာ နှစ်ပေါင်း ၁၃၀ ရှိပြီး မီးရထားသံလမ်း စတင်တည်ဆောက်စဉ်က အလုပ်သမားတွေ နေထိုင်ရာက စတင်ပြီး လူဦးရေးတိုးလာကာ ခုချိန်မှာ ရွာကြီးတရွာအဖြစ်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် နီးစပ်ရာ ကျေးရွာ ၄ ရွာမှာ လူဦးရေ ၂၀၀၀ ကျော်နဲ့ ကျောင်းသား ကျောင်းသူ ၂၅၀ တို့ဟာ မီးရထားသံလမ်းကို အသုံးပြု သွားလာနေရတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013