DVB Logo
Home
မြန်မာသတင်း
ထားဝယ်၌ H5N1 ကြက်ငှက်တုပ်ကွေးဖြစ်ပွားနေသဖြင့် မြိတ်မြို့ရှိ မွေးမြူရေးကြက်ခြံများကို ဝင်ရောက်စစ်ဆေး
DVB
·
July 26, 2017
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ ကြက်ငှက်တုပ်ကွေး H5N1 ဖြစ်ပွားနေတဲ့အတွက် မြိတ်မြို့ရှိ ကြက်မွေးမြူရေးခြံတွေ ဇူလိုင်လ ၂၆ ရက်နေ့က တာဝန်ရှိသူတွေက ၀င်ရောက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

မြိတ်မြို့ရှိ မွေးမြူရေးကြက်ခြံတချို့မှာ ကြက်သေဆုံးတာရှိတဲ့ခြံတွေကို ဦးစားပေးအနေနဲ့ ၀င်ရောက်စစ်ဆေးခဲ့ရာ လက်ရှိအခြေအနေမှာ ကြက်ငှက်တုတ်ကွေး မဖြစ်သေးကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

“မြိတ်က ကြက်ခြံတွေမှာကြက်တွေသေတာကို ကြားပါတယ်။ မွေးမြူရေးသမားတွေနဲ့တွေ့ဆုံ ဆွေးနွေးပြီး ရန်ကုန်ကို ဓာတ်ခွဲစမ်းသပ်ဖို့ပို့ခဲ့တယ်။ ဒါပေမယ့် သာမန်ကြက်လည်လိမ်ရောဂါလို့ပဲ အဖြေထွက်ပါတယ်။ ဒီနေ့လိုက်လံစစ်ဆေးတဲ့အခါမှာလည်း ကြက်ငှက်တုပ်ကွေးနဲ့ပတ်သက်ပြီး မတွေ့ရှိရပါဘူး”လို့ မြိတ်မြို့နယ် တိမွေး/ကု ဒုဦးစီးမှူး ဒေါက်တာသန့်ဇင်လင်းက ပြောပါတယ်။

မြိတ်ခရိုင်မွေးမြူရေးလုပ်ငန်းရှင်ဥက္ကဋ္ဌ ဦးလင်းထင် က“လက်ရှိမြိတ်မှာကြက်ခြံ ၆၀ ကျော် ရှိပါတယ်။ အခုနကပြောတဲ့ ကြက်တွေသေဆုံးပါတယ်ဆိုတဲ့ ခြံတွေ ကျနော်တို့ အဓိက လိုက်လံ စစ်ဆေးပါတယ်။ ရန်ကုန်ကို ဓာတ်ခွဲခန်းပို့လိုက်တဲ့ ကြက်တွေမှာလည်း ကြက်ငှက်တုပ်ကွေး မရှိဘူးလို့အဖြေရပါတယ်။ လက်ရှိ ကျနော်တို့ မြိတ်မှာတော့ ကြက်လည်လိမ်ရာဂါပဲဖြစ်တာ အနည်းငယ်ရှိပါတယ်။ ကြက်ခြံရှင်တွေကိုလည်း ပူးပေါင်းပါဝင်ဖို့ ပြောထားပါတယ်”လို့ ပြောပါတယ်။

ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားတာ မရှိသေးပေမယ့်လည်း မြိတ်မြိုသို့ ကြက်နဲ့ ၀က် တင်သွင်း တာကို ဇူလိုင်လ ၂၆ မှစတင်ပြီး ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌက ပြောပါတယ်။

မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက “နယ်စပ်မြို့ဖြစ်တဲ့အတွက် တခြားမြို့နဲ့ နယ်စပ်ဂိတ်တွေမှာ အအေးခဲကြက်သားတွေ၊ ကြက်ပေါက်တွေနဲ့ ၀က်တွေ တင်သွင်းမှုရှိတဲ့နေရာ ထားဝယ်မှာဖြစ်ပွားနေတဲ့ ကြက်ငှက်တုပ်ကွေးရောဂါကို ကြိုတင် ကာကွယ်တဲ့အနေနဲ့ ကြက်နဲ့ ၀က် တင်သွင်းတာကို တလပိတ်ပင်လိုက်တယ်”လို့ ပြောပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013