DVB Logo
Home
မြန်မာသတင်း
ကြံ့ခိုင်ရေးပါတီ၏ မြေယာဥပဒေအကြောင်း ဆွေးနွေးမည့်ပွဲ ဖျက်သိမ်းခံရ
DVB
·
March 5, 2012
Donate to DVB

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော်မှာ တင်ပြခဲ့တဲ့ မြေယာဥပဒေကို ဆွေးနွေးမည့် လယ်သမားဆွေးနွေးပွဲကို ဒေသခံ အာဏာပိုင်တွေက ခွင့်မပြုတဲ့အတွက် ဖျက်လိုက်ရတယ်လို့ စီစဉ်သူတွေက ပြောပါတယ်။

ပဲခူးတိုင်း အနောက်ခြမ်း ကြို့ပင်ကောက်မြို့က ခန်းမတခုမှာ ဆွေးနွေးပွဲလုပ်ဖို့ လယ်သမား ၄၀၀ ၀န်းကျင် တက်ရောက်ဖို့ စီစဉ်ထားတာကို မြို့နယ်နဲ့ခရိုင်က အာဏာပိုင်တွေက ခွင့်မပြုတာကြောင့် ပျက်သွားတာပါ။

တရားဝင်အဖွဲ့အစည်း မဟုတ်သလို ခွင့်ပြုချက်လည်း မတောင်းတဲ့အတွက် လုပ်ခွင့်မပြုနိုင်ဘူးလို့ ပြောဆိုခဲ့ကြောင်း ဆွေးနွေးပွဲကို စီစဉ်တဲ့ တောင်သူလယ်သမားများဘဝ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစုက ကိုမျိုးသန့်က ပြောပါတယ်။

“ပြောတဲ့သူတွေက မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ခရိုင် အုပ်ချုပ်ရေးမှူးပါ။ ကျနော် ခရိုင် အုပ်ချုပ်ရေးမှူးနဲ့လည်း တိုက်ရိုက် စကားပြောပါတယ်။ သမ္မတကြီးရဲ့ နိုင်ငံတော်မိန့်ခွန်းမှာ ပါတဲ့ အချက်အလက်တွေနဲ့ ခရိုင်ဥက္ကဋ္ဌ ပြောဆိုချက်တွေက ကွဲလွဲမှု ရှိနေတယ်။ သမ္မတကြီး ပြောတဲ့စကားထဲမှာ ပူးပေါင်း ဆောင်ရွက်ကြပါ။ အရပ်ဖက် လူ့အဖွဲ့အစည်းတွေက ပူးပေါင်းကူညီကြပါ။

ကျနော်တို့အစိုးရ အားကောင်းလာအောင် ကူညီကြပါဆိုပြီး ထပ်တလဲလဲ ပြောထားတာတွေ ရှိတယ်။ (Rule of Law) ဆိုတာတွေလည်း ရှိတယ်။ ဒါတွေကို မျက်ကွယ်ပြုပြီး ခရိုင်ဥက္ကဋ္ဌက ပိတ်ပင်တားမြစ်တယ်။ သူရဲ့လုပ်ငန်းစဉ်အရ ခွင့်ပြုမိန့်တော့ မပေးနိုင်ဘူး ဆိုပြီးတော့ ကျနော်တို့ကို ခိုင်ခိုင်မာမာ ငြင်းပါတယ်။”

ဆွေးနွေးပွဲလုပ်မယ့် ခန်းမနေရာကို သော့ခတ်လိုက်တာကြောင့် ဆွေးနွေးပွဲ လာရောက်တဲ့ လယ်သမားတွေကို ခန်းမရှေ့မှာ စောင့်ပြီး ဆွေးနွေးပွဲ ပျက်သွားတဲ့ အကြောင်း ကိုမျိုးသန့်က ပြောပြပါတယ်။

အခုဆွေးနွေးပွဲဟာ တတိယ အကြိမ်မြောက် စီစဉ်တာဖြစ်ပြီး အရင်က မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေမှာတော့ ဒေသ အာဏာပိုင်တွေလည်း တက်ရောက်ပြီး အဆင်ပြေပြေ စီစဉ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အရင်ဆွေးနွေးပွဲတွေတုန်းမှာ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို ကိုမျိုးသန့်က အခုလို ပြောပြပါတယ်။

“ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးမှာ ဧရာဝတီတိုင်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးတင်သွင်းတဲ့ ၂၀၁၁ လယ်ယာမြေ ဥပဒေမူကြမ်းရယ်၊ နောက် လယ်/ဆည် ၀န်ကြီးဌာနက တင်ပြထားတဲ့ မြေလွတ်မြေရိုင်းနဲ့ မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေပါ။ ဥပဒေ ၂ ရပ်က တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်မပေးနိုင်သလို ထောက်ပံ့ထားတာ မရှိဘူး။ ဒါကို ကျနော်တို့က အတည်မပြုချင်ပါဘူး။ ဒါကြောင့် တောင်သူလယ်သမားတွေကို ကာကွယ်ပေးနိုင်တဲ့ ဥပဒေတွေကို အချက်အလက်နှင့်တကွ ပါဝင်အောင် ဆက်လက်ဆွေးနွေး ညှိနှိုင်းကြပါ၊ အချိန်ယူကြပါဦးဆိုတဲ့ သဘောနဲ့ ကျနော်တို့ လုပ်တာပါ။”

ဒီလို လယ်သမားဆွေးနွေးပွဲတွေမှာ လယ်သမားတွေရဲ့ ဆွေးနွေးချက်တွေကို လွှတ်တော်အထိ တင်ပြနေတယ်လို့ ဥပဒေအကြံပေး ရှေ့နေ ကိုဖိုးဖြူက ပြောပါတယ်။

“ဥပဒေမဲ့ လက်လွတ် ဆုံးရှုံးသူတွေအတွက်လည်း လယ်တွေကို ပြန်လည် ခွဲဝေပေးခြင်းဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေနဲ့ တရားစစ်ဆေး ကြားနာနိုင်မယ့် နည်းလမ်းတွေ အပါအ၀င် အစရှိတာတွေပေါ့။ အခြားကိစ္စတွေလည်း အများကြီးပါပဲ။ အဓိကတော့ ဘ၀လုံခြုံရေးနဲ့ လယ်ယာမြေ ပိုင်ဆိုင်ရေးအတွက်ကို ဥပဒေဖြစ်သင့်ဖြစ်ထိုက်၊ ပြဌာန်းသင့် ပြဌာန်းထိုက်တာတွေကို အရေးဆိုခဲ့တာဆိုရင် ပိုမှန်ပါလိမ့်မယ်။ တောင်သူ လယ်သမားတွေက သူတို့ဘ၀၊ အခက်အခဲတွေနဲ့ ဒုက္ခတွေကို နှီးနှောဖလှယ် ဆွေးနွေးဖို့ သူတို့ ဘ၀တွေ၊ သူတို့ဒုက္ခတွေကို ဖြေရှင်းဖို့နည်းလမ်း ရှာဖွေတာက ခွင့်ပြုမိန့် မလိုပါဘူးလို့ သဘာဝ ဓမ္မဥပဒေပဲ ဖြစ်ပါတယ်လို့ ကျနော် ပြောချင်ပါတယ်။”

မတ်လ ၂ ရက်နေ့ သမ္မတ ဦးသိန်းစိန်ရဲ့ တောင်သူလယ်သမားနေ့ သ၀ဏ်လွှာမှာတော့ လယ်ယာကဏ္ဍ အရေးကြီးတဲ့အကြောင်းနဲ့ လယ်သမားတွေအတွက် စိုက်ပျိုးရေး နည်းပညာနှင့် အသိပညာဖွံ့ဖြိုးရေး အရေးကြီးတဲ့အကြောင်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013