DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင်း ၃ လတာ မိုးသည်းထန်စွာရွာသွန်းသဖြင့် သီးနှံစိုက်ဧက ၁၆၀၀၀ ကျော်ပျက်စီး
DVB
·
July 26, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မေ၊ ဇွန်၊ ဇူလိုင်လတွေအတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့လို့ သီးနှံစိုက်ခင်းဧက ၁၆၁၈၉ ဧကထိ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့တယ်လို့ တိုင်းဒေသကြီး စိုက်၊ မွေး၊ သစ်တောဝန်ကြီးက ဒီဗွီဘီကို ပြောပါတယ်။

ဇူလိုင်လ ၁၇ ရက်နေ့ထိ စိုက်ပျိုးရေးဦးစီးဌာနရဲ့ ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ တတိုင်းလုံးမှာ ရေမြုပ်ဧက ၂၂၉၅၇ ဧက၊ ရေပြန်ပေါ်တာက ၁၇၆၁၇ ဧက၊ ထိခိုက်ခဲ့တာက ၂၇၉၉၉ ဧကနဲ့ လုံးဝပျက်စီးခဲ့တာက ၁၆၁၈၉ ဧကထိ ရှိခဲ့တယ်လို့ သိရပါတယ်။

“ထောက်ပံ့ဖို့၊ လျော်ကြေးပေးဖို့ဆိုတာတော့ ပြည်ထောင်စုက ဆိုင်တာပေါ့။ ပျက်စီးဆုံးရှုံးသွားတဲ့ လယ်ယာမြေ သီးနှံစိုက်ခင်းတွေအတွက် ပြည်ထောင်စုဝန်ကြီးဌာနကို တင်ပြထားပါတယ်။ ပြည်ထောင်စုမှာတော့ ဘယ်စိုက်ခင်းဆိုဘယ်လောက်ဆိုတဲ့ နှုန်းထားသတ်မှတ်ချက်တွေရှိတယ်။ ပေးရင်လည်း အဲဒီအတိုင်းပေးမှာပေါ့။ အချိန်အားဖြင့်တော့ ဘယ်တော့ ထောက်ပံ့မယ်ဆိုတာ အတိအကျမပြောနိုင်သေးဘူး။ သူတို့လည်း ပြန်စိစစ်ရဦးမှာ။ ၂ လလောက်တော့ ကြာနိုင်ပါတယ်။” စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်၊ မွေး၊ သစ်တောဝန်ကြီး ဦးကမ်ဇာမုန်က ဒီဗွီဘီကို ပြောပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်၊ ယင်းမာပင်ခရိုင်၊ ရွှေဘိုခရိုင်၊ ကသာခရိုင်၊ ကလေးခရိုင်၊ တမူးခရိုင်၊ မော်လိုက်ခရိုင်၊ ခန္တီးခရိုင်နဲ့ နာဂဒေသတွေမှာ ဒေသခံတွေ စိုက်ပျိုးထားတဲ့ နွေစပါး၊ နွေနှမ်း၊ မိုးကြိုပဲတီစိမ်း၊ မိုးနှမ်း၊ မြေပဲ၊ နေကြာ၊ ပဲစဉ်းငုံ၊ မိုးစပါး၊ မိုးစပါးပျိုးခင်း၊ မတ်ပဲ၊ မိုးပဲတီစိမ်းနှင့် အခြား ဟင်းသီးဟင်းရွက် သစ်သီးဝလံ ဥယျာဉ်ခြံစိုက်ခင်းတွေ ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

သဘာဝဘေးအန္တရာယ်ကြောင့် စစ်ကိုင်းတိုင်းအတွင်းမှာ လယ်ယာမြေတွေ ပျက်စီးတာတင်မက လူနှင့် တိရစ္ဆာန်တွေလည်း ဆုံးရှုံးမှုရှိခဲ့ပါတယ်။ မိုးရာသီ ရေဘေးနဲ့ပတ်သက်ပြီး ဒုက္ခရောက်ခဲ့သူ တွေကို တိုင်းဒေသကြီး လူကယ်ပြန်ဦးစီးဌာနအနေနဲ့လည်း ငွေနဲ့ အခြားအသုံးအဆောင် ပစ္စည်းတွေ ထောက်ပံ့တာ ကျပ်သိန်းပေါင်း ၇၀၀ နီးပါးထိရှိခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013