
တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ဖြစ်ပွားနေတဲ့ ကြက်တွေသေဆုံးမှုဟာ ကြက်ငှက်တုပ်ကွေးရောဂါ H5N1 ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တယ်လို့ မြို့နယ် တိမွေးကုဌာန ဦးစီးမှူး ဒေါက်တာသိန်းဇော်မင်းက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။
ထားဝယ်မြို့နယ်ထဲက ကြက်မွေးမြူရေးခြံတွေမှာ ဇူလိုင်လ ၁၆ ရက်နေ့ကတည်းကစပြီး ကြက်တွေအများအပြားသေဆုံးနေတာဖြစ်ပြီး ကြက်သေနမူနာတွေကို ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းကိုပေးပို့ ဓာတ်ခွဲစစ်ဆေးရာမှာ ကြက်ငှက်တုပ်ကွေး H5N1ဗိုင်းရပ်စ်ပိုး ဖြစ်ပွားနေတဲ့ အဖြေထွက်လာခဲ့တာလို့ ဆိုပါတယ်။
ထားဝယ်မှာ ဒီကနေ့လည်း ကြက်တွေထပ်မံသေဆုံးမှုတွေရှိနေပြီး ရောဂါ မပြန့်ပွားအောင် ကာကွယ်တဲ့အနေနဲ့ ဈေးတွေမှာလည်း ကြက်ဥ၊ ကြက်သား ရောင်းချခွင့် ပိတ်လိုက်တယ်လို့လည်း ဒေါက်တာ သိန်းဇော်မင်းက ပြောပါတယ်။
“အဖြေရပါပြီး H5N1 ပါ။ ကြက်တွေ ဒီနေ့ထပ်ပြီးသေတာရှိပါတယ်။ ဟိုတနေ့က သေတဲ့ ဒေါက်တာ မောင်နီခြံရဲ့ဘေးမှာရှိတဲ့ ခြံပေါ့နော်။ ဒီခြံတွေမှာ ထပ်ပြီးတော့ နည်းနည်းထပ်သေတာပေါ့။ အရေအတွက် အားဖြင့်တော့ ၁၀ ဂဏန်းပေါ့။ ကာကွယ်ရေးကတော့ ကျနော်တို့ ဒီရောဂါဖြစ်တဲ့ ခြံတွေကို ကြက်ဥ၊ ကြသား ထိန်းချုပ်ထားတာပေါ့နော်။ ရောင်းချခွင့်တွေ၊ နောက်တခါ မြို့နယ်တွင်းမှာရှိတဲ့ ဈေးအားလုံးကို ကြက်ဥ၊ ကြက်သား ရောင်းချခွင့်တွေပိတ်ထားတယ်။ ”
ဦးမောင်နီရဲ့ မွေးမြူရေးခြံမှာ သူ့အလိုလို သေဆုံးတဲ့ ကြက်ကောင်ရေ ၂ ထောင်ကျော်ရှိခဲ့ပြီး တိမွေးကုဌာနအနေနဲ့ ရောဂါပြန်ပွားမှုမရှိအောင် ခြံတွင်းကျန်ရှိတဲ့ ကြက်အားလုံးကို လည်း ရှင်းလင်းခဲ့သလို ရောဂါဖြစ်တဲ့ကြက်တွေကို မြေမြုပ်ပစ်ခဲ့တယ်လို့သိရပါတယ်။
လတ်လောမှာတော့ ဦးမောင်နီရဲ့ဘေးခြံတွေမှာလည်း ဆက်လက်သေဆုံးမှုတွေရှိနေ တာဖြစ်ပါတယ်။
ကြက်ငှက်တုပ်ကွေးရောဂါ လူနဲ့ တခြားတိရိစ္ဆာန်တွေကို ကူးစက်တာတွေ မရှိသေးကြောင်းနဲ့ လတ်တလော ကြက်ဥ၊ ကြက်သား ရောင်းချမှု ပင်ပိတ်တာ ကို ၂၁ ရက်လောက်စောင့်ကြည့်ပြီး အခြေအနေတိုးတက်မှုရှိရင်တော့ ပြန်လည်ရောင်းခွင့်ပေးမယ်လို့ ဒေါက်တာ သိန်းဇော်မင်းကပြောပါတယ်။











