DVB Logo
Home
မြန်မာသတင်း
လယ်ယာမြေဥပဒေကို ပြင်ဆင်သည် ဥပဒေကြမ်း လွှတ်တော်တွင် တင်သွင်း
DVB
·
July 26, 2017
Donate to DVB

ရာသီ သီးနှံစိုက်ပျိုးချိန်မှာ စပါးကိုပဲ အဓိကစိုက်ပျိုးရမယ့်အချက် ပါဝင်တဲ့ လယ်ယာမြေဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဇူလိုင် ၂၅ ရက် အမျိုးသားလွှတ်တော်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက တင်သွင်းလိုက်ပါတယ်။

လယ်ယာမြေဥပဒေ အားနည်းချက်တွေကို ပြန်လည်သုံးသပ်ပြီး ခေတ်ကာလနဲ့ လျော်ညီအောင် ကျင့်သုံးနိုင်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

“၂၀၁၂ ခုနှစ်က ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ လယ်ယာမြေဥပဒေမှာ လက်ရှိအခြေအနေနဲ့ လိုက်ညီမှုမရှိတဲ့ စကားရပ်တွေကို ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး၊ လယ်ယာမြေနဲ့ပတ်သက်တဲ့ စည်းကမ်းချက်တွေ တိကျအောင် ပြဋ္ဌာန်းနိုင်ရေး၊ သီးနှံ ပြောင်းလဲစိုက်ပျိုးခွင့်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို တိတိကျကျ လိုက်နာနိုင်ရေး၊ သတ်မှတ်စည်းကမ်းချက်တွေကို လိုက်နာဖို့ ပျက်ကွက်တာကို အရေးယူဆောင်ရွက်ခြင်းနဲ့ လယ်ယာစိုက်ပျိုးရေးကို လုပ်ကိုင်နေတဲ့ တောင်သူလယ်သမားတွေ ပိုမိုအကျိုးဖြစ်ထွန်းလာရေးကို ရည်ရွယ်ပြီးတော့ ဥပဒေမူကြမ်းကို ရေးဆွဲ

ခဲ့တာဖြစ်ပါတယ်” လို့ ဒေါက်တာအောင်သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရာသီသီးနှံ၊ ဥယျာဉ်သီးနှံနဲ့ နှစ်ရှည်သီးနှံ သုံးမျိုးရှိပြီး ဒီသုံးမျိုးကနေ ပြောင်းလဲစိုက်ပျိုးနိုင်တဲ့ နည်းပေါင်း ၆ နည်း ရှိရာမှာ ၄ နည်းကို လွတ်လပ်စွာ စိုက်ပျိုးခွင့်ပြုထားပါတယ်။

အရင်က ဘာစိုက်စိုက် ခွင့်ပြုချက် တင်ပြရတဲ့အချက်ကို အလျှော့ပေးလိုက်ပေမယ့် အဓိကရာသီသီးနှံ စပါးစိုက်ပျိုးချိန်မှာတော့ တခြားဟာ စိုက်ဖို့ ခွင့်ပြုရမှာတော့ ခက်ခဲတယ်လို့ ဝန်ကြီး ဒေါက်တာအောင်သူက ပြောပါတယ်။

“နိုင်ငံအတွက် စာရင်းကောက်ဖို့ရာအတွက် စိုက်ချင်ရာစိုက်၊ လုပ်ချင်ရာလုပ်ဆိုရင် စာရင်း up to date ဖြစ်ဖို့ရာ တနိုင်ငံလုံး အတိုင်းတာနဲ့ အရမ်းခက်ခဲတယ်။ ဒါကြောင့် အဓိကဖြစ်တဲ့ စပါးကိုတော့ နိုင်ငံတော်မှာ စာရင်းဇယားလေးတခုရှိဖို့ လိုတယ်။ အခု ဒီနှစ်အတွင်း ပြည်ပကို ဆန်တန်ချိန် နှစ်သန်း တင်ပို့မယ်လို့ စီးပွားကူးသန်းက ကြေညာထားတယ်။ ဒီအချိန်မှာ ထုတ်ကုန် ဘယ်လောက်ရှိလဲ၊ လောက်ငလား၊ ဗဟိုအနေနဲ့ကတော့ ဘယ်လောက် ထွက်တယ်ဆိုတာ သိဖို့လိုတယ်။ ဒါကြောင့် အဲဒါလေးတခုကိုပဲ ဗဟိုလယ်ယာမြေအနေနဲ့ ထိန်းကွပ်ချင်တာ။ တခြားဟာတော့ ဘာမှ ထိန်းကွပ်တာ မရှိဘူး”

လက်ရှိ ငါးနှစ်မှာတော့ စပါးစိုက်တဲ့ဧက များတဲ့အတွက် ပိုလျှံနေသေးပေမယ့် နောက် ငါးနှစ်ကျော်တဲ့အချိန်မှာ စိုက်ချင်ရာစိုက်ဆိုပြီး လွှတ်ပေးလိုက်ပါက စာရင်းဇယားမရှိရင် ပြည်တွင်းမှာ ဆန်စပါး ရှားသွားနိုင်တယ်လို့  ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013