DVB Logo
Home
Lead Story
စာသင်ခန်းထဲက တေးကဗျာရှင်မလေး
DVB
·
July 26, 2017
စာသင်ခန်းထဲက တေးကဗျာရှင်မလေး
Donate to DVB

 

လွန်ခဲ့တဲ့နှစ်တုန်းက လူမှုကွန်ရက်ပေါ်မှာ ကဗျာတွေကို တေးသီချင်းလုပ်ပြီးတော့ သီဆိုခဲ့တဲ့သူတယောက် ရှိပါတယ်။ “သူမ” ပုံစံက အချောအလှထဲကတော့ မဟုတ်ပါဘူး။ သူမဟာ အခုခေတ်လူငယ်တွေကြိုက်တဲ့ ကေပေါ့၊ ဟစ်ဟော့၊ ရော့ခ် အဲဒီသီချင်းတွေ သီဆိုပြီးတော့ အောင်မြင်နေတဲ့ အဆိုတော်တယောက်လည်း မဟုတ်ပါဘူး။

နောက်ပိုင်းမှာတော့ သူမရဲ့ တေးကဗျာတွေကြောင့် အများပြည်သူတွေက ချီးကျူး ပြောဆိုလာတဲ့သူတယောက် ဖြစ်လာပါတယ်။ မန်းတောင်ရိပ်၊ ဘယ်မြို့ပုံသာပါလိမ့်၊ ဗေဒါလမ်း စတဲ့ မြန်မာ့ ကျောင်းသားသုံး လက်ရွေးစဉ်ကဗျာတွေကို ဋ္ဌာန်ကရိုဏ်းကျကျ၊ ရွတ်ဆိုခဲ့တဲ့သူပဲ ဖြစ်ပါတယ်။

သူမဟာ သာမန်ပြည်သူထဲက အနာဂတ်ပန်းတွေကို ပြုစုပျိုးထောင်ပေးနေတဲ့ ပညာရေးဝန်ထမ်းတဦးလည်း ဖြစ်ပါတယ်။ ပျောက်ကွယ်လုနီးပါး ရှိပြီဖြစ်တဲ့ မြန်မာ့စာပေ ယဉ်ကျေးမှု လေးချိုး၊ ဒွေးချိုး ကဗျာဆိုနည်းတွေကို သူမက ပြန်ပြီးတော့ သီဆိုလာတဲ့ ရှားရှားပါးပါး အနုပညာရှင် ကျောင်းဆရာမတဦးပါ။

ဒီမြန်မာစာပေ ယဉ်ကျေးမှုကို တခေတ်ပြန်လည် အသက်သွင်းခဲ့တဲ့ သူမကတော့ မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်က အလယ်တန်းပြဆရာမ ဒေါ်မြင့်မြင့်ဇော်ပဲ ဖြစ်ပါတယ်။

ကျောင်းကို ကုန်းတတန်၊ ရေတတန် သွားလာနေတဲ့ သူမရဲ့ ပုံရိပ်မြင်ကွင်း တချို့တွေကိုတော့ လူမှုကွန်ရက်သုံးစွဲသူ တော်တော်များများက တွေ့ဖူးမှာပါ။ သူမက သီချင်းသီဆိုတာ ဘယ်လောက်ဝါသနာပါလဲဆိုရင် သူငယ်ချင်းတွေက ဆိုပြခိုင်းရင် တနေရာရာကို ခေါ်ပြီး သီဆိုပြတတ်တယ်လို့ ပြောပါတယ်။

မိသားစု စီးပွားရေးအဆင်မပြေတဲ့အတွက် တက္ကသိုလ်ကို အဝေးသင် ကျောင်းသူတဦးအနေနဲ့ ပခုက္ကူနဲ့ မကွေးမှာ ၂ နှစ်စီ တက်ရောက်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ သူမဝါသနာပါတဲ့ ကျောင်းဆရာမအလုပ်ကို ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ နေ့စား လပေးနဲ့ ဆရာမ စလုပ်ခဲ့ပါတယ်။

ဒေါ်မြင့်မြင့်ဇော်ဟာ မြန်မာစာဘာသာကို သင်ကြားရတဲ့ဆရာမ ဖြစ်ပေမယ့်လို့ သမိုင်းဘာသာနဲ့ ဘွဲ့ရထားတယ်လို့ ပြောပါတယ်။ မူလတန်းပြ ဆရာမတဦးအနေနဲ့ ၇ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ အလယ်တန်းပြ ဆရာမတဦးအနေနဲ့ တာဝန်တိုးချဲ့ ထမ်းဆောင်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ ကဗျာကို သီချင်းလုပ်ပြီးတော့ ကျောင်းသူကျောင်းသားတွေကို စပြီး သင်ကြားပေးခဲ့ပါတယ်။

ဒီလိုမျိုး သင်ကြားနိုင်ဖို့ ရှေးကဗျာ ဆိုနည်းတွေကို အမျိုးမျိုး လေ့လာရပြီး သီချင်းတွေကိုလည်း နားထောင်ရတယ်လို့ ပြောပါတယ်။ တချို့ ဦးဇင်းတွေက ရတုနဲ့ပတ်သက်ပြီး ကျွမ်းကျွမ်းကျင်ကျင် ဆိုနိုင်တဲ့အတွက် ဦးဇင်းတွေဆီမှာ သွားရောက် လေ့လာခဲ့ပါတယ်။

“စသင်တော့ ကလေးတချို့က ကျမကို ပြောပါတယ်။ သူတို့က ဟစ်ဟော့မှ ကြိုက်ကြတာ။ ကျမက ရှင်းပြရတာပေါ့။ ဒါက မြန်မာစာပေ ရှေးကဗျာတွေ တန်ဖိုးထားရမယ်” လို့ သူမကပြောပါတယ်။

ကဗျာတွေကို သီချင်းလိုလုပ်ပြီး သင်ကြားဖြစ်ခဲ့ပုံကတော့ မြန်မာကဗျာလက်ရွေးစဉ် စာအုပ်ထဲက တချို့ကဗျာစာသားတွေက သီချင်းတွေထဲမှာ ပါတဲ့အတွက် ပိုပြီး စိတ်ဝင်စားတယ်လို့ ပြောပါတယ်။

“ဆဋ္ဌမတန်းက ဗြောသံ ကဗျာတွေဆို အလှူပွဲတွေမှာ ပုံမှန်သီဆိုနေကျ သီချင်းတွေပါပဲ။ အဲဒီလိုသီဆိုရတာကို သဘောကျတယ်” လို့ ဒေါ်မြင့်မြင့်ဇော်က ပြောပါတယ်။

သီဆိုသူ ရှားပါးသွားပြီဖြစ်တဲ့ လေးချိုး၊ ဒွေးချိုး တေးကဗျာတွေက အခုခေတ် လူငယ်တချို့အတွက်တော့ နားထောင်ရမှာ တမျိုးဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။

“ညို့ကုန်းယံ ချောက်နံဘေးမှာလ တို့ဘုန်းကံ အလျောက်မွေးရော့ထင် တခေါက်ပြေးမှဖြင့် မိုးထိုးမယောင် ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင် ဒိုးဒိုးဒေါင်”

ကျောင်းသားအများစုက ဒီ “နွားညီနောင်” လေးချိုးကဗျာကို ပိုကြိုက်ကြတယ်လို့ ဆရာမ ဒေါ်မြင်မြင့်ဇော်က ပြောပါတယ်။

“သီချင်းလိုဆိုလိုက်ရင် ကလေးတွေက သူတို့ဆိုနေကျ၊ ကြားနေကျ ပုံစံလိုမျိုး မဟုတ်တော့ ပြုံးစိစိလေးတွေ ဖြစ်သွားကြတယ်။ မင်းတို့ကော အဲဒီလို မဆိုချင်ဘူးလား၊ အဲဒီလိုဆိုရင် ပိုပြီးတော့ မမှတ်မိဘူးလား ပြောတော့ သူတို့က ဆိုချင်တယ်။ အဲဒီကနေတဆင့် ကျန်တဲ့ကဗျာတွေရဲ့ နည်းလမ်းတွေကို ဒွေးချိုးဆို ဒွေးချိုး၊ လေးချိုးဆို လေးချိုး ဆိုတဲ့နည်းတွေကို သေသေချာချာ သိချင်လာကြတယ်” လို့ ပြောပါတယ်။

သူမ နေထိုင်တဲ့ မြို့နယ်စာဖတ်မြှင့်တင်ရေး အစည်းအဝေးပွဲ တက်ရောက်ခဲ့တုန်းက ကဗျာဆရာတချို့နဲ့ သိလာပြီး အကူအညီ တောင်းခဲ့ရာက စာကြည့်တိုက်မှူးကနေတဆင့် သူမအတွက် ကဗျာဆိုနည်းတချို့ ရရှိခဲ့ပါတယ်။

အခုဆိုရင် သူမရဲ့ကဗျာသံတွေကို လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတချို့က ကျောင်းသားတွေကို ဖွင့်ပြတဲ့အချိန် ရှိသလို ကူးယူသီဆိုနေကြတဲ့အထိ ရှိလာပြီလို့ သူမက ပြောပါတယ်။

“လူမှုကွန်ရက်ပေါ်မှာ နေဝင်စချိုးမရယ်ကူ ကဗျာဗွီဒီယိုကို တင်တော့ သူငယ်ချင်းတွေက Comment တွေမှာ ရေးထားတယ်။ နင့်ဗွီဒီယိုဖိုင်ကို ဖွင့်ပြတော့ ကလေးတွေ ပျော်ကြတယ်။ တို့တွေအတွက်လည်း အသုံးဝင်တယ်။ အဲဒီလို ရေးထားတာ တွေ့တော့ ပျော်တယ်” လို့ သူမက ပြောပါတယ်။

“နေဝင်စ ချိုးမရယ်ကူ တောသူမလေး အဝေး။ စာကိုသာ စာကိုငတ်လို့ ကူရှာသလော ကူသလော။ ရေကိုသာ ရေကိုငတ်လို့ ကူရှာသလော ကူသလော၊ ဒါကတော့ ကျမအကြိုက်ဆုံး ကဗျာပါလို့ ဒေါ်မြင့်မြင့်ဇော်က ပြောပါတယ်။

“ကဗျာတွေ ရေးဖို့တော့ စိတ်မဝင်စားပါဘူး။ ကျောင်းက ကဗျာတွေကိုပဲ ဆိုခဲ့ဖူးတယ်” လို့ သူမက ပြောပါတယ်။

"မြန်မာ့ယဉ်ကျေးမှုတွေကို ရေးဖွဲ့ထားတဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ ဒါကို ရှေးမြန်မာမှုအတိုင်း ကလေးတွေကို ခံစားစေချင်တယ်။ တန်ဖိုးထားတတ်စေချင်တယ်” လို့ ဒေါ်မြင့်မြင့်ဇော်က ပြောပါတယ်။

ကဗျာတွေကို မြတ်နိုးတဲ့ဆရာမ၊ ကဗျာတွေကို သီချင်းလေးတွေလို ဖန်တီးပြီး သင်ပေးနေတဲ့ ဆရာမ၊ စေတနာ၊ ဝါသနာ၊ အနစ်နာ “နာသုံးနာ”နဲ့ ပြည့်စုံတဲ့ သူမရဲ့ စိတ်နှလုံးအလှကို မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါတယ်။

{မသီတာ(DVB) တီဗွီအစီအစဉ်မှာ တင်ဆက်ခဲ့တဲ့ အကြောင်းအရာများကို ထူးထူး ပြန်လည်ရေးသားသည်။}

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013