DVB Logo
Home
မြန်မာသတင်း
နိုင်ငံတဝန်း မိုးရေချိန်များပြီး ဆည် ၃၀ ကျော်တွင် ရေကျော်နေ
DVB
·
July 26, 2017
Donate to DVB

မြန်မာတနိုင်ငံလုံးမှာ မိုးရေချိန် များနေတာကြောင့် ဆည် ၃၁ ခုမှာ ရေပိုလွှဲက ရေကျော်နေပြီး စိုးရိမ်စရာ အခြေအနေတော့ မရှိဘူးလို့ ဆည်မြောင်းနဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက သိရပါတယ်။

စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ဧရာဝတီ၊ မွန်၊ ကရင်၊ ချင်းနဲ့ ရခိုင်ပြည်နယ်တွေက ဆည် ၃၁ ခုမှာ ဇူလိုင် ၂၅ ရက်နေ့ စာရင်းအရ ရေပိုလွှဲက ရေကျော်ကျနေတယ်လို့ ဒုတိယ ညွှန်ကြားရေးမှူး ဦးကြည်ဝေက ဒီဗွီဘီကို စာနဲ့ပေးပို့ ဖြေကြားထားပါတယ်။

၂၀၁၅ ခုနှစ်တုန်းကလို ထူးကဲကျော်လွန်တာမျိုး မရှိဘဲ အများဆုံး ကျော်နေတာက မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝ ရေလှောင်တမံမှာ ၇ ဒသမ ၄ ပေ ကျော်နေတာ ဖြစ်ပါတယ်။

ပွင့်ဖြူမြို့ပေါ် ဒေသခံတယောက်က “ဆည်မြောင်းကလည်း ရေကျော်တဲ့ အခြေအနေကို သတင်းတင်ပေးနေလို့ ၂၀၁၅ တုန်းကလို စိုးရိမ်တာတော့ မရှိဘူး။ ကျမတို့ကတော့ မုန်းချောင်းရေကိုပဲ ကြည့်နေတယ်။ ရေကတော့ နည်းနည်းတိုးနေတယ်” လို့ ပြောပါတယ်။

မိုးရေချိန် များနေတာကြောင့် ဆည်တွေမှာ အချိန်တိုအတွင်း ရေတွေ မြင့်တက်လာနိုင်တာကြောင့် ဌာန တာဝန်ရှိသူတွေနဲ့ အင်ဂျင်နီယာတွေ စုဖွဲ့ပြီး ၂၄ နာရီ စောင့်ကြည့်နေတယ်လို့လည်း သိရပါတယ်။

စေတုတ္တရာမြို့က ဒေသခံဦးဝင်းမြင့်ထွေးက “ကြီးအုံကြီးဝက ရေပိုလွှဲတွေက ရေထွက်နေလို့ မစိုးရိမ်ဘူး။ အထက်က မုန်းတမံကိုပဲ စိုးရိမ်တာ။ ၂၂ ရက်နေ့က ၅ ပေလောက်ကျော်တာကနေ အခုတော့ ၇ ပေလောက်ကျော်နေပြီ။ မိုးကလည်း များနေတယ်။ သူ ရေကျော်တာ များရင် မြို့ပေါ်ကို တိုက်စားသွားနိုင်တယ်” လို့ ပြောပါတယ်။

ရေလှောင်တမံတွေကို စံချိန်စံညွှန်းနဲ့အညီ ဆောက်ခဲ့တာကြောင့် ကျိုးပေါက်ဖို့ မရှိဘဲ ရေတွေ ဖောက်ချနေတယ် ဆိုတဲ့ ကောလာဟလတွေကို မယုံကြဖို့လည်း ဆည်မြောင်းနဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013