DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်တွင် စက်လှေနစ်မြုပ်ပြီး ပျောက်ဆုံးနေသည့် ရဲအရာရှိအလောင်းပြန်တွေ့
DVB
·
July 26, 2017
Donate to DVB

ဇူလိုင်လ ၂၃ ရက်နေ့ညပိုင်းက ဘူးသီးတောင်မြို့နယ် ကျွန်းပေါက်၊ ပဲသဒူကျေးရွာနားမှာ စက်လှေ နစ်မြုပ်ခဲ့တဲ့အတွက် ပျောက်ဆုံးနေတဲ့ နယ်ခြားစောင့် ရဲမှူးရဲ့ အလောင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှာ ရှာဖွေတွေ့ရှိခဲ့ပြီး နောက်ထပ်ပျောက်ဆုံးနေသူ သုံးဦးနဲ့ လက်နက်တွေကို ဆက်လက်ရှာဖွေနေတယ်လို့ အမှတ် (၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့က သိရပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ အမှတ် ၃ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ တောင်ဘဇာနယ်မြေမှ နယ်မြေမှူး၊ ရဲမှူးရဲဇော်ထွဋ်ရဲ့ အလောင်းကို ကျွန်းပေါက်အုပ်စု၊ အောင်သာယာရွာနားက ပန်ဇင်းချောင်းထဲမှာ ဇူလိုင်လ ၂၅ ရက်နေ့ ၃ နာရီခန့်မှာ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ တောင်ဘဇာနယ်မြေရဲစခန်းက စခန်းမှူးထွန်းလှိုင်နဲ့အဖွဲ့က ရှာဖွေတွေ့ရှိခဲ့တာပါ။

ဘူးသီးတောင် မြို့နယ်ထဲမြောက်ပိုင်းက ကျေးရွာတွေမှာ နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်ပြီး တောင်ဘဇာကို ပြန်လာဖို့ ကျောင်းတောင်ရွာက စက်လှေ သုံးစီးနဲ့ ထွက်ခွာလာခဲ့တဲ့အခါ နောက်ဆုံးမှာ ကျန်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၇ ဦးပါ စက်လှေဟာ ကျွန်းပေါက်၊ ပဲသဒူရွာနားမှာ စက်ကို မထိန်းနိုင်ပဲ နစ်မြုပ်ခဲ့တာလို့ တောင်ဘဇာရဲစခန်းက သိရပါတယ်။

နစ်မြုပ်ခဲ့တဲ့ စက်လှေပေါ်မှာ ရဲတပ်ဖွဲ့ဝင် ၇ ဦးနဲ့ စက်လှေမောင်းသူတို့ လိုက် ပါလာပြီး တောင်ဘဇာ နယ်မြေမှူး ရဲမှူး ရဲဇော်ထွဋ်၊ ရဲတပ်ကြပ် ခင်မောင်သန်း၊ ရဲဒုတပ်ကြပ် ကိုကိုအောင်နဲ့ ရဲဒုတပ်ကြပ် ထွန်းလင်းထိုက် တို့လေးဦးကတော့ ပျောက်ဆုံးခဲ့ပြီး ဒီနေ့ ၂၅ ရက်နေ့မှာတော့ ရဲမှူးရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

နစ်မြုပ်သွားတဲ့ စက်လှေကို ဇူလိုင် ၂၄ ရက်နေ့က ကျွန်းပေါက်ရွာအနားမှာ ပြန်လည်ရှာတွေ့ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်တဲ့ သေနတ် ၂ လက်ကိုလည်း စက်လှေနဲ့အတူ ရရှိခဲ့ပါတယ်။

ပျောက်ဆုံးနေတဲ့ တပ်ဖွဲ့ဝင် ၃ ဦးနဲ့ လက်နက်တွေကို တပ်မတော်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက် ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013