DVB Logo
Home
မြန်မာသတင်း
ကျပ်​သိန်း​ ၂၆၀၇၅ တန်​ဖိုးဖမ်းမိသည့် မူးယစ်​​ဆေးကွင်းဆက်မှတဆင့် လက်နက်များ ထပ်မံဖမ်းမိ
DVB
·
July 26, 2017
Donate to DVB

မိုင်းပန်မြို့နယ် သံလွင်တံတား တာဆန်းပူးပေါင်း စစ်ဆေးရေးစခန်းမှာ မနေ့က  ငွေကျပ်သိန်းပေါင်း ၂၆,၀၇၅ သိန်းတန်ဖိုး ဘိန်းဖြူတွေကို ဖမ်းမိခဲ့ပြီး ကွင်းဆက်ကို ဆက်လက်ရှာဖွေရာမှ လက်နက်ခဲယမ်းတွေ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ် သံလွင်တံတား တာဆန်းပူးပေါင်း စစ်ဆေးရေးစခန်းမှာ ဇူလိုင် ၂၄ ရက် နေ့လယ် ၁ နာရီ ၅၀ မိနစ် အချိန်က မိုင်းတုံမြို့ကနေ မိုင်းပန်မြို့ဖက်သို့မောင်းနှင်လာတဲ့ ယာဉ်ကို ရှာဖွေစစ်ဆေးရာ ယာဉ်မောင်းမှာ  ကားပေါ်မှ ခုန်ချပြီး သံလွင်မြစ်ထဲသို့ ခုန်ချထွက်ပြေးလွတ်မြောက်သွားပြီး ယာဉ်ပေါ်ပါလာသူ နန်းစံဟွမ်းနဲ့ ယာဉ်ကို ဆက်လက်ရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူဘလောက်တုံး ၂၉၈ တုံး၊ အလေးချိန် ၁၀၄.၃ ကီလိုဂရမ်ခန့် (ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၂၆၀၇၅ သိန်း) ရှာဖွေဖမ်းဆီးမိခဲ့တာပါ။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ မူးယစ်တပ်ဖွဲ့စု-၂၇၊ လွိုင်လင် တပ်ဖွဲ့စုမှူး ရဲမှူးသန်းရွှေက “ဘိန်းဖြူ ဘလောက်တုံး ၂၉၈ တုံး ဖမ်းဆီးရမိပါတယ်။ သယ်ဆောင်သူကတော့ နှစ်ယောက်ပါ။ တာဆန်းတံတား၊ မိုင်းတုံဘက်ကလာရင် ဒီဘက် မိုင်းပန်ဘက်အခြမ်းက စစ်ဆေးရေးစခန်းမှာ ရှာတာ။ ကားကို ရပ်တန့်စေကာ ကားမှာ အမျိုးသမီး တဦး၊ အမျိုးသားတဦး ပါတယ်။ အမျိုးသားကတော့ ချက်ချင်း ကားကိုရပ်တန့်ပြီးတာနဲ့ သူက ထွက်ပြေးတာပေါ့ဗျာ။ ထွက်ပြေးပြီး မြစ်ထဲကို သူက ခုန်ချတာပေါ့ဗျာ။ ဝဲနဲ့ ရေစီးနဲ့ဆိုတော့ ပါသွားတဲ့ သဘောပေါ့ဗျာ။ အမျိုးသမီးနဲ့ ကားက ကျန်ခဲ့တော့ ဆက်ရှာဖွေရာ ဘိန်းဖြူဘလောက်တုံး ၂၉၈ တုံး အလေးချိန် ၁၀၄ ဒသမ ၃ ကီလိုဂရမ် ကာလတန်ဖိုး ကျပ်သိန်း ၂၆,၀၇၅ ဖမ်းဆီးရမိပါတယ်။ ကျနော်တို့ အခု ဖမ်းဆီးရမိတဲ့ အမျိုးသမီးနဲ့ ထွက်ပြေးသွားတဲ့ အမျိုးသားကို မိုင်းပန်ရဲစခန်းမှာ မူးယစ်ဆေးဝါး ဥပဒေနဲ့ အရေးယူထားပါတယ်”လို့ ပြောပါတယ်။

မူးယစ်ဆေး ကွင်းဆက်နဲ့ပတ်သက်ပြီး ဆက်လက်ရှာဖွေစစ်ဆေးရာ သံလွင်မြစ်ထဲ ခုန်ချထွက်ပြေးတဲ့ ယာဉ်မောင်းမှာ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့ ရပ်ကွက် (၂) က အိုက်ဆိုင်ကျော်(ခ)အိုက်ကျော် ဖြစ်ပြီး နဲ့ ယာဉ်ပေါ်ပါလာသူ နန်းစံဟွမ်းမှာ နားကောင်းမူးရွာ နေထိုင်သူတွေဖြစ်ကြောင်း သိရပြီး သူတို့ရဲ့နေအိမ်တွေကို ဝင်ရောက်ရှာဖွေရာ လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို ဇူလိုင် ၂၅ ရက် နေ့လယ် ၁ နာရီခွဲခန့်မှာ ထပ်မံသိမ်းဆည်းရမိခဲ့တာလို့ ပုံပါကျင်မြို့ စခန်းမှူးက ပြောပါတယ်။

“မနေ့က တာဆန်းတံတားမှာ ဘိန်းဖြူ ဘလောက်တုံး ၂၉၈ တုံး ဖမ်းဆီးရမိချိန် တရားခံက မြစ်ထဲ ခုန်ချထွက်ပြေးသွားခဲ့တယ်။ သူနဲ့အတူ ပါလာတဲ့ မိန်းကလေးရဲ့ အစစ်ခံချက်အရ ပုံပါကျင်မြို့က အိုက်ကျော်လို့ သိရပြီး ခုလို သူ့အိမ်ကို ဝင်ရောက်ရှာဖွေရာမှာ လက်နက်တွေ ထပ်မံဖော်ထုတ်ရမိတာပါ”လို့ ပုံပါကျင်မြို့ စခန်းမှူး ရဲအုပ်သန့်ဇင်ထွန်းက ပြောပါတယ်။

သံလွင်မြစ်ထဲခုန်ချထွက်ပြေးသူ ယာဉ်မောင်း အိုက်ကျော်ရဲ့ နေအိမ်က အမေရိကန်လုပ် အမ်-၁၆ သေနတ် ၁ လက်၊ ကျည်အိမ်တခု၊ ကျည် ၁၃ တောင့် ပွိုင့်-၂၂ ပြောင်းရှည်သေနတ် ၁ လက်နဲ့ ၄င်းကျည် ၁၁ တောင့်၊ အရှည် ၄ ပေကျော်ခန့် ဒေသလုပ် တတောင့်ထိုး ပြောင်းရှည်သေနတ် ၁ လက်၊ ကျည်ခါးပတ် ၁ ခု၊ ကိုးလုံးကျည် ၂၁ တောင့်၊ ထိုင်းဘတ်ငွေ ၁၀၀၀ တန် တရွက်နဲ့ မြန်မာကျပ်ငွေရောရာ ၂၁,၇၀၀ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့တာဖြစ်ပြီး သူနဲ့ အတူပါသူ နန်းစံဟွမ် နေထိုင်ရာ နားကောင်းမူးရွာ နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ တစုံတရာ မတွေ့ရှိဘူးလို့ သိရပါတယ်။

အိုက်ကျော်ရဲ့ နေအိမ်အစောင့်ဖြစ်သူ တင်းပါရွာ လာရှိုးမြို့နယ် နေတဲ့ တောင်ယာ လုပ်ကိုင်သူ အိုက်မိုင် (အသက် ၄၀-နှစ်) လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကိုတော့ ပုံပါကျင်ရဲစခန်းမှ မိုင်းတုံမြို့နယ်ရဲစခန်းကို ဇူလိုင်လ ၂၅ ရက် ညနေ ၆ နာရီမှာ လွှဲပြောင်းအပ်နှံခဲ့ပြီး မူးယစ်ဆေးဝါးတွေ လက်ဝယ်တွေ့ရှိတဲ့ ကွင်းဆက်နဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိသူ  မိုင်းတုံမြို့နယ်၊ ရပ်ကွက်(၁)၊ နားကောင်းမူရွာမှာ နေတဲ့ နန်းစံဟွမ်နဲ့ မိုင်းတုံမြို့နယ်၊ ပုံပါကျင်ကျေးရွာနေ အိုက်ဆိုင်ကျော်ကို မိုင်းပန်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ လည်းကောင်း၊ ရှမ်း လက်နက်အက်ဥပဒေနဲ့ လည်းကောင်း အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

သတင်း - အောင်ဇေယျ(မိုင်းတုံ)၊ သန်းစိုးအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013