စစ်ကိုင်းတိုင်းအတွင်း ရေကြီး ရေလျှံမှုတွေကြောင့် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ စာသင်ကျောင်းပေါင်း ၃၃၆ ကျောင်း ပိတ်ထားခဲ့ရာမှာ မြစ်ရေပြန်ကျပြီဖြစ်လို့ စာသင်ကျောင်းတွေ ပြန်ဖွင့်နေကြပြီဖြစ်ပေမယ့် ပြန်မဖွင့်နိုင်သေးတဲ့ စာသင်ကျောင်း ၁၁၀ ရှိနေပါသေးတယ်။
တိုင်းပညာရေးမှူးရုံး တာဝန်ရှိသူတဦးက“စာသင်ကျောင်းတွေ အမြန်ဆုံးပြန်ဖွင့်နိုင်ဖို့ အမိန့်ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပါတယ်။ ရေကြီးလို့ ပိတ်ထားခဲ့ရတဲ့ စာသင်ကျောင်းတွေ အတွက် ကျောင်းစာသင်ချိန် ပြည့်မီရေး၊ ကျောင်းသားတွေ ကျောင်းခေါ်ချိန် ပြည့်မီရေးတို့အတွက် အလျဉ်းသင့်သလို ကျောင်းပိတ်ရက်တွေမှာ ကျောင်းချိန် အစားထိုးပြန်ဖွင့်နိုင်ဖို့လည်း ညွှန်ကြားချက်တွေ ရှိပါတယ်။ အဓိကကတော့ ကလေးတွေရဲ့ပညာရေး မထိခိုက်အောင်ပေါ့” လို့ ပြောပါတယ်။
ပြန်ဖွင့်ရန် ကျန်နေသေးတဲ့ ကျောင်းတွေထဲမှာ ဧရာဝတီမြစ်ရေကြောင့် မြင်းမူမြို့နယ်မှာ အ.လ.က.ခွဲ ၁ ကျောင်း၊ မြောင်းမြို့နယ်မှာ ၁၉ ကျောင်း၊ စုစုပေါင်း ၂၀ ကျောင်းနဲ့ ကျန်တဲ့ ကျောင်း ၉၀ ကတော့ ချင်းတွင်းမြစ်ကြောင်းမှာရှိတဲ့ ဖောင်းပြင်၊ ကနီ၊ မင်းကင်း စတဲ့မြို့နယ်တွေက ဖြစ်ပါတယ်။
မင်းကင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက “မင်းကင်းမြို့နယ်မှာတော့ တနင်္လာနေ့ကတည်းက စဖွင့်နေကြတာကို တွေ့ရပါတယ်။ ရေဝင်လို့ ပျက်စီးတာတော့မရှိပေမယ့် စာသင်ခန်းတွေမှာ နွံတွေတင်တာ၊ အမှိုက်တွေတင်တာနဲ့ ဆေးကြကြောကြရတာတော့ ရှိတာပေါ့။ အဓိကကတော့ မင်းကင်းမြို့နယ်က ရွာတွေအများစုက မြစ်ရိုးမှာရှိတာ။ မြစ်ကူးပြီးကျောင်းတက်နေရတဲ့ကလေးတွေက တမြို့နယ်လုံးမှာ ၁၄၀၀ ဝန်းကျင်ရှိတယ်။ ဒါကြောင့် မြစ်ကူးပြီး ကျောင်းတက်နေရတဲ့ ကလေးတွေအတွက် အသက်ကယ်အင်္ကျီတွေ လုံလုံလောက်လောက်ရရှိဖို့ လိုအပ်တယ်။”လို့ပြောပါတယ်။
ရေဘေးသင့် အိမ်ထောင်စုတွေကို မနှစ်ကလို အန်ဂျီအိုတွေ လာရောက် ထောက်ပံ့တာ မရှိသလို အစိုးရကလည်း ရွှေ့ပြောင်းရတဲ့သူတွေကို ပဲထောက်ပံ့တာ ရှိတယ်လို့လည်ဒေသခံတွေက ပြောာပါတယ်။
လက်ရှိမှာ ချင်းတွင်းမြစ်ရေကလည်း တဖြည်းဖြည်း ပြန်လည်မြင့်တက်လာနေပေမယ့် မြစ်ကမ်းဘေးမြိုကတွေရဲ့ စိုးရိမ်ရေအမှတ်ကိုတော့ မရောက်ရှိသေးပါဘူး။
ဧရာဝတီမြစ်ရေကလည်း စစ်ကိုင်း၊ မြင်းမူတို့မှာတော့ စိုးရိမ်ရေအမှတ်အောက်မှာသာ ရှိနေတယ်လို့ တိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။











