DVB Logo
Home
မြန်မာသတင်း
ထားဝယ်မြို့တွင် ကြက်ကောင်ရေ ထောင်ချီ သေဆုံး၊ ကြက်ဥ ကြက်သား အရောင်းအဝယ်ပိတ်ပင်
DVB
·
July 25, 2017
ထားဝယ်မြို့တွင် ကြက်ကောင်ရေ ထောင်ချီ သေဆုံး၊ ကြက်ဥ ကြက်သား အရောင်းအဝယ်ပိတ်ပင်
Donate to DVB

တနင်္သာရီတိုင်း ထားဝယ်မြို့က ကြက်ခြံတချို့မှာ ကြက်အကောင်ရေ ထောင်ချီသေဆုံးပြီးနောက်  ကြက်တွေနဲ့ ကြက်ဥတွေကို ဖြန့်ဖြူးရောင်းဝယ်တာ မပြုလုပ်ဖို့ ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီက ဇူလိုင် ၂၅ ရက်က ထုတ်ပြန်တားမြစ်လိုက်ပါတယ်။

ထားဝယ်မြို့မှာရှိတဲ့ ကြက်မွေးမြူရေးခြံတခြံမှာ လွန်ခဲ့တဲ့ တပတ်လောက်က စပြီး ကြက်တွေ အကုန်လုံးနီးပါး သေဆုံးခဲ့လို့ စားသုံးသူတွေရဲ့ လုံခြုံရေးအတွက် အခုလို ထုတ်ပြန်ထားတာဖြစ်ပြီး ဘာကြောင့် သေဆုံးတယ် ဆိုတာကိုတော့ ရန်ကုန်က ဓာတ်ခွဲခန်းဆီပို့ဆောင် စုံစမ်းနေတယ်လို့  ထားဝယ်မြို့နယ်စည်ပင်ဥက္ကဋ္ဌ ဦးလှဦးက ဒီဗွီဘီကို ပြောပါတယ်။

“ပထမ ကြက် တသောင်းရှစ်ထောင်၊ နှစ်သောင်းလောက်ရှိတဲ့ ကြက်ခြံက ပထမရက် တထောင်လောက် သေသွားတယ်။ အဲဒါ ကာကွယ်ဆေးတွေ ဘာတွေ ထိုးရင်တန်းလန်းနဲ့ကို ဖြစ်တာ။ အဲဒါ ကြောက်လာကြတာပေါ့ လူတွေက။ အဲမှာ နှမြောဖို့လည်းကောင်းတယ်။ ခြံရှင် ဦးနီ သူကိုယ်တိုင်လည်းတိရိစ္ဆာန် ဆရာဝန်ပဲလေ။ အဲတော့ သူမွေးမြူရေးခြံကို အသေတွေကို မြေကျင်းတွေတူးပြီး အကုန်မြှုပ်ပစ်လိုက်တယ်။  အဲဒါမနေ့ကမှ ကျနော်တို့သွားလေ့ လာပြီးတော့ ကြက်ဥနဲ့ ကြက်သားနဲ့ကို မရောင်းခိုင်းတော့တာ။ ခဏနားလိုက်တာပေါ့။ ”

ဦးမောင်နီရဲ့ ကြက်ခြံတခြံထဲပဲ ကြက်အမြောက်အမြား သေဆုံးမှုဖြစ်ပွားနေတာဖြစ်ပြီး ကျန်တဲ့ခြံတွေကတော့ သေဆုံးမှု မရှိသေးပေမယ့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ တားမြစ်တာလို့ ဆိုပါတယ်။

မြို့နယ် တိမွေးကုဌာနက တာဝန်ရှိသူတဦးကတော့ ကြက်ခြံ ၂ ခြံမှာ သံသယ ကြက်ငှက်တုပ်ကွေးတွေ့ရှိလို့ ဆက်လက်စစ်ဆေးနေတယ်လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့ကစပြီး ကြက်တွေ သေဆုံးခဲ့တဲ့ ကြက်ခြံတခုက အကြောင်းကြားခဲ့လို့ စစ်ဆေးပြီးတဲ့နောက် အခုတော့ တခြံလုံးက ကြက်တွေကို သုတ်သင် ရှင်းလင်းလိုက်တယ်လို့ မြို့နယ် တိမွေးကု ဦးစီးအရာရှိ ဦးသိန်းဇော်မင်းက ပြောပါတယ်။

“Influenza Test Kit နဲ့ စစ်ဆေးတဲ့အခါ သံသယဖြစ်ဖွယ် ကြက်ငှက်တုပ်ကွေး ရောဂါပိုးတွေ့တယ်။ ပိုသေချာအောင် PCR နဲ့ စစ်ဆေးနေပါတယ်။ စဖြစ်တဲ့ကြက်ခြံက ဥစားကြက် ကောင်ရေ ၅ ထောင်မွေးတာဖြစ်ပြီး အခုတော့ အားလုံးကို သုတ်သင်လိုက်ပါပြီ” လို့ ပြောပါတယ်။

လတ်တလော ထားဝယ်မြို့ ထိန်သစ်ရပ်မှာရှိတဲ့ လုပ်ငန်းရှင် ၆ ဦးရဲ့ ကြက်မွေးမြူရေးခြံက ထွက်တဲ့ ကြက်နဲ့ကြက်ဥတွေကို ဖြန့်ဖြူရောင်းချတာတွေ မလုပ်ဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိရင် ထိရောက်စွာ အရေးယူမယ်လို့ ထားဝယ်မြို့ စည်ပင်သာယာရေးကော်မတီက သတိပေးထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013