DVB Logo
Home
မြန်မာသတင်း
ကျောက်တော်တွင် လေဆင်မောင်းတိုက်၊ နေအိမ် ၃၀ ကျော်ပျက်စီးပြီး လူ ၃ ဦး ဒဏ်ရာရ
DVB
·
July 25, 2017
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ နဂူမေကျေးရွာမှာ ဇူလိုင်၂၄ရက် ညနေက လေဆင်နှာမောင်းတိုက်ခတ်လို့ နေအိမ် ၃၄ လုံး ပျက်စီးသွားပြီး လူ ၃ ဦး ပြင်းထန်ဒဏ်ရာရှိသွားတယ်လို့ နဂူမေကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်စံအေးက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့က ၅ နာရီဝန်းကျင်လောက် တိုက်သွားတာပါ။ ကျနော်တို့ရွာက ကုလားတန်မြစ်ရဲ့ အရှေ့ဘက်ပေါ့။ လေဆင် နှာမောင်းက အနောက်ကနေဝင်လာတာ၊ အဲ့ဒီမှာ လူနေအိမ်အကုန် ၃၃ ဆောင်ပျက်စီးသွားတယ်။ ၂နှစ် ကလေးငယ်တဦး ပြင်းထန်ဒဏ်ရာရတယ်။ ကလေးကတော့ သတိမေ့သွားတယ်။ ပြီးတော့ လူကြီးနှစ်ဦးတော့ လက်ကျိုးသွားတယ်။ ပြီးတော့ ခါးမှာ ထိခိုက် သွားတယ်။ လူနေအိမ်တွေ လုံးဝပျက်စီးသွားတာကတော့ ၁၅လုံး ပျက်စီးသွားပါတယ်”လို့ ပြောပါတယ်။

နဂူမေကျေးရွာမှာ လေဆင်နှာမောင်း ၅ မိနစ်ကြာ တိုက်ခတ်သွားပြီး အနီးနား ကျေးရွာတွေကိုတော့ ဝင်ရောက်တိုက်ခတ်သွားတာ မရှိပါဘူး။

ကျေးရွာ စာသင်ကျောင်းလည်း အနည်းငယ် ပျက်စီးသွားပြီး အခုလိုပျက်စီးတာနဲ့ ပတ်သက်လို့ ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က “အခုပဲ အဲဒီကျေးရွာကို လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေပေးဖို့ ပြင်ဆင်နေပါတယ်။ ကယ်ဆယ်ရေးတွေကတော့ လူမှုဝန်ထမ်း နေရာချထားရေးပစ္စည်းတွေ ပါတယ်။ ပြီးတော့ ကြက်ခြေနီက ပစ္စည်းတွေ ပါဝင်တယ်။ အစိုးရပိုင်း ထောက်ပံ့တာကတော့ လုံးဝပျက်စီးသွားတဲ့အိမ်ဆိုရင် ၁ သိန်းနှုန်း ထောက်ပံ့ပါတယ်။ တစိတ်တပိုင်း ပျက်စီးတာဆိုရင် ၅ သောင်းနှုန်း ထောက်ပံ့ဖို့ ပေးထားပါတယ်”လို့ ပြောပါတယ်။

လေဆင်နှာမောင်းကြောင့် ထိခိုက်ဒဏ်ရာသူတွေကတော့ ဒေါ်ကျင်စိန်ဖြူ (အသက်-၅၆ နှစ်)၊ ဦးဘုလှ (အသက် ၅၈-နှစ်)၊ မဝိုင်းစုနိုင် (အသက်၂ နှစ်)တို့ ဖြစ်ကြပါတယ်။

လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားတဲ့သူတွေကတော့ နီးစပ်ရာ ဆွေမျိုးသားချင်းတွေဆီမှာ ခေတ္တခိုလှုံနေကြပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးကုသမှုပေး ထားတယ်လို့ ကျေးရွာ အုပ်ချုပ်ရေးက ပြောပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013