
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် စစ်ကျွန်းအုပ်စု သဒ္ဓမကျွန်းမှာ ရေကြီးပြီး မြစ်ကမ်းပြို နေတဲ့အတွက် ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း၊ အလယ်တန်းပြ စာသင်ကျောင်း ၃ ကျောင်းနဲ့ လူနေအိမ် ၁၆၀ ကျော်တို့ကို ရွှေ့ပြောင်း နေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ရွာခံဦးသန်းထွန်းက “ရေကြီးကမ်းပြိုနေတဲ့အတွက် ကယ်ဆယ်ရေးစခန်း မဖွင့်ရသေးဘဲ ဘုန်းတော်ကြီး ကျောင်းမှာ နေဖို့ဆိုတာကလည်း ဘုန်းကြီးကျောင်းတောင် ကမ်းပြိုတဲ့အထဲကို မပါအောင်ဝိုင်းဝန်းဖျက်ထားရပြီး နေစရာမရှိတဲ့အတွက် ကျန်ရှိနေသေးတဲ့ အိမ်တွေမှာပဲစုပြီး နေနေကြရတယ်”လို့ ပြောပါတယ်။
သဒ္ဓမဝန်သဘုန်းတော်ကြီး ကျောင်းဆရာတော်က “အခုလို ရွှေ့ပြောင်းနေကြရတဲ့ ရွာသူရွာသားတွေအတွက် ကယ်ဆယ်ရေးစခန်းနဲ့ ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့တွေ လိုအပ်နေတယ်”လို့ ပြောပါတယ်။
သတင်း၊ ဓာတ်ပုံ - ကိုကြက် (ဟင်္သာတ)











