DVB Logo
Home
မြန်မာသတင်း
မုန်းချောင်းရေ မြင့်တက်လာ၍ ကျေးရွာအချို့ စတင်ပြောင်းရွှေ့
DVB
·
July 24, 2017
Donate to DVB

အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် ကျောက်ကြီးမြို့နယ်ထဲမှာ မုန်းချောင်းရေ မြင့်တက်လာကာ ကျေးရွာတွေက လူနေအိမ်တွေ နစ်မြုပ်လာတဲ့အတွက် ရေလွတ်ရာကို ပြောင်းရွှေ့နေရတယ်လို့ မုန်းနယ်မြေရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။

“ရေက တက်လာတာတော့ ညကတည်းကပါ။ အခုမနက် ၁၁ နာရီလောက်ကျတော့ ရေက သုံးပေခွဲလောက် ဖြစ်သွားပြီ။ အဲဒါကြောင့် သွားကူညီတာပါ။ တောင်ကျချောင်းရေကြောင့် ရေတွေ ဝင်လာတာပါ။ ရွာကတော့ အိမ်ခြေနည်းပါတယ်။ အိမ်ခြေ ၂၀ လောက်တော့ ရှိတယ်” လို့ မုန်းနယ်မြေရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

အခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြစ် ချောင်းတွေနဲ့နီးတဲ့ နေရာဒေသ တော်တော်များများမှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေပြီး စိုက်ပျိုးထားတဲ့ စပါးခင်းတွေလည်း ရေနစ်မြုပ်မှုတွေ ရှိနေပါတယ်။

မုန်းမြို့ဒေသခံ ဦးပြည့်ဖြိုးအောင်က “မိုးများနေတာကတော့ သုံး လေးရက်လောက်ရှိပြီ။ မုန်းချောင်းဘေးက လယ်တွေဆို ရေနစ်နေတာပေါ့။ အခုလည်း ဆီစက်ကုန်းရွာထဲကို ရေဝင်နေတယ်တော့ ကြားတယ်။ စပါးတွေ အပျက်အစီးကတော့ ပြန်မပေါ်လာသေးတော့ မသိသေးဘူးပေါ့။ ပြန်ပေါ်လာမှပဲ သိရမယ်။ အခုတော့ မိုးက နည်းနည်းရပ်နေတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီနေ့ မုန်းမြို့ အမှတ် (၂) ရပ်ကွက်ထဲရှိ ဆီစက်ကုန်းရွာမှာရှိတဲ့ အိမ်ထောင်စု ၂၁ စု၊ လူဦးရေ စုစုပေါင်း ၈၆ ဦးကို ရေလွတ်ရာ မုန်းနယ်မြေရဲတပ်ဖွဲ့စခန်းရဲ့ အနောက်ဘက်ရှိ မာလာမြိုင်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံကို ပြောင်းရွှေ့ပေးထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013