
မြန်မာနိုင်ငံ ရန်ကုန်နဲ့ ချင်းပြည်နယ်မှာ လက်ရှိ ရာသီတုပ်ကွေးရောဂါ (Seasonal Flu, A/H1N1 2009) ဖြစ်ပေါ်နေမှုတွေကြောင့် အများပြည်သူတွေ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေပြီး ရောဂါမဖြစ်အောင် နေထိုင်ခြင်းဖြင့် ကာကွယ်နိုင်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြောပါတယ်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က“လတ်တလော ရန်ကုန်နဲ့ ချင်းပြည်နယ်မှာဖြစ်ပေါ်နေတဲ့ ရာသီတုပ်ကွေး H1N1နဲ့ ပတ်သက်ပြီးတော့မှ ဖြစ်ပေါ်ပွားတဲ့အပေါ်မှာ မူတည်ပြီးတော့မှ ပြည်သူလူထုအနေနဲ့ ဘာတွေ လိုက်နာရမယ် ဘာတွေ ဆောင်ရွက်ရမယ် သိပ်ပြီးတော့လဲ မစိုးရိမ်ဖို့ ပြောလိုပါတယ်”လို့ ပြောပါတယ်။
အဆိုပါရောဂါဖြစ်ပွားသူ ၃ ဦးရန်ကုန်မှာ ဆေးကုသမှုခံယူနေရသလို ချင်းပြည်နယ် မတူပီမြို့မှာလဲ ၂၀၁၇ ဇူလိုင် ၁၄ ရက်ကနေ ၂၂ ရက်နေ့အထိ ရာသီတုပ်ကွေး လက္ခဏာနဲ့ ဆေးရုံတက်ကုသနေသူ ၆၁ ဦးရှိပြီး အဲ့ဒီထဲမှာ ကမ္ဘာ့လူတုတ်ကွေး H1N1 ရောဂါလက္ခဏာနဲ့ ၁၀ ဦးတွေ့ရှိရတယ်လို့ ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။
“ရန်ကုန်ဆေးရုံကြီး မထူးကြပ်ဆောင်မှာ ဆေးကုသနေတဲ့ သူ ၂ဦး၊ ရန်ကုန်အထွေထွေရောဂါကုဆေးရုံ(သစ်)မှာ ကုသသူ ၁ဦး၊ ချင်းပြည်နယ် မတူပီမှာ H1N1 တွေ့ရှိပါတယ်။ ဒီရောဂါသည် ၂၀၀၉ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ စဖြစ်ပွားလာခဲ့ တာဖြစ်ပါတယ်။ အခုမှဖြစ်ပွားတာမဟုတ်ပါဘူး။ အခု တုတ်ကွေးဟာလဲ ကြက်ငှက်တုတ်ကွေး မဟုတ်ပါဘူး။ ကမ္ဘာ့လူတုတ်ကွေးလို့ခေါ်ပါတယ်။ ဒီ H1N1 ဟာ တုတ်ကွေးထဲမှာ ပြင်းထန်တဲ့ အဆင့်ပါ။ အသေအပျောက်လဲ မများပါဘူး ပြင်းတော့ ပြင်းထန် ပါတယ်။ ကာကွယ်ဆေးကတော့ အခုထိမရှိသေးပါဘူး”ဟု ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ သင်္ဃန်ကျွန်းဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး၊ အင်းစိန် ဆေးရုံကြီး၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး၊ ရန်ကုန်အနောက်ပိုင်း ဆေးရုံကြီး၊ လှိုင်သာယာ၊ ဝေဘာဂီနဲ့ သန်လျင်ဆေးရုံတွေကို ရာသီတုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး သံသယလူနာ တွေကို တွေ့ရှိပါက ကာကွယ်ထိန်းချုပ်နိုင်ဖို့ ညွှန်ကြားထားတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သိရပါတယ်။
“ရာသီတုပ်ကွေး H1N1 အနေနဲ့ အခုမှ စပြီးဖြစ်တာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်တွေကလည်း ဖြစ်ခဲ့ပါတယ် သို့သော်လည်းပဲ ၂၀၀၉ ခုနှစ်မှာ ကမ္ဘာ့တစ်ဝှမ်းလုံးမှာ PDM Influenza A/H1N1 ၂၀၀၉ ဆိုပြီးတော့ ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလဲ ပဲ ဖြစ်ခဲ့ပါတယ်” လို့ ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။
အဲဒီရောဂါပိုးကို မြန်မာနိုင်ငံမှာ ၂၀၀၉ ခုနှစ်က တည်းက ပျံ့နှံခဲ့တာဖြစ်ပြီး နှစ်စဉ် ရောဂါပိုး ကူးစက်ခံရသူတွေ တွေ့ရှိခဲ့ရပေမယ့် H1N1 ရောဂါပိုးကြောင့် သေဆုံးမှုမတွေ့ခဲ့ရဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
H1N1 ရောဂါ လက္ခဏာအနေနဲ့ ချောင်းဆိုး၊ ဖျားနာ၊ ခေါင်းကိုက်၊ ခေါင်းမူး၊ သတိလစ်၊ ကိုယ်လက် နာကျင်ကိုက်ခဲ၊ ခြေလက်ဖျား အေးစက်တာ စတဲ့ သာမန်တုပ်ကွေးနဲ့ ဆင်တူသယောင်ရှိပြီး ရောဂါလက္ခဏာပြပြီးပုံမှန် ကုသပြီး ၂ ရက်ထက် မသက်သာပါက နီးစပ်ရာ ဆေးရုံသို့ အချိန်မှီ သွားရောက်ကုသမှုခံယူသင့်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွှန်ထားပါတယ်။
ရောဂါကာကွယ်ဖို့အတွက် နှာခေါင်းစည်း Mask တပ်တာ၊ ချောင်းဆိုးရင် လက်ကိုင်ပ၀ါအုပ်တာ၊ အရာဝတ္တုတစ်ခုခုကိုင်တွယ်ပြီး လက်ကို ဆပ်ပြားနဲ့ ဆေးကြောတာနဲ့ လူထူထပ်တဲ့ နေရာဒေသတွေကို သွားလာတာတွေ မလုပ်ဖို့လိုအပ်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ H1N1 ရောဂါပိုးကို ၂၀၀၉ ခုနှစ်မှာ ၁၆ ဦး၊ ၂၀၁၀ ခုနှစ်မှာ ၂၃၂ ဦး၊ ၂၀၁၂ ခုနှစ်မှာ ၁၉ ဦး၊ ၂၀၁၄ ခုနှစ်မှာ ၁၆၇ ဦး၊ ၂၀၁၅ ခုနှစ်မှာ ၃ ဦးနဲ့ ၂၀၁၆ ခုနှစ်မှာ ၉ ဦးမှာ တွေ့ရှိခဲ့ပြီး ဆေးဝါးကုသနိုင်ခဲ့ကာ သေဆုံးမှုမရှိခဲ့ဘူးလို့ သိရပါတယ်။











