DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးငယ်အား အခန်းတွင်းပိတ်လှောင် မုဒိမ်းကျင့်ခဲ့သည့် သံဃာတုအား ဖမ်းမိပြီ
DVB
·
July 24, 2017
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာ၊ မရမ်းချိုကျောင်းတိုက်ရှိ အခန်းတခုအတွင်း အမျိုးသမီးငယ်တဦးကို ပိတ်လှောင်ကာ မုဒိမ်းကျင့်ပြီး ထွက်ပြေး တိမ်းရှောင်နေသူ သံဃာအတုအား အမှုဖြစ်ပွားပြီး ရက်ပေါင်း ၅၀ ကျော်အကြာ ဇူလိုင် ၂၂ ရက်နေ့က မြဝတီမှာ ဖမ်းဆီးရမိပြီလို့ သိမ်ဇရပ်ရဲစခန်းက ပြောပါတယ်။

ဖြစ်စဉ်မှာ  ဝေါမြို့နယ်နေသူ ဘဒ္ဒန္တ ပညာဒီပ၊ လူအမည် မောင်ထွေး ၄၉ နှစ်အပါဝင် ၃ ဦးဟာ ဇွန် ၂ ရက်နေ့က ကျိုက်ထိုမြို့နယ်၊ ကြာအင်းလေးကျေးရွာနေသူ ၁၈ နှစ်အရွယ် မိန်းကလေးငယ်ကို ကြာအင်းကျေးရွာအနီးမှာ ကားနဲ့ အတင်းအဓမ္မ တင်ခေါ်ပြီး မရမ်းချိုကျောင်းတိုက်မှာ အခန်းတွင်းပိတ်လှောင်ထားပြီး ၂ ရက်ခန့် သားမယားအဖြစ် ပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လ ၅ ရက်နေ့မှာ မိန်းကလေးငယ်ဟာ ထွက်ပြေးလွတ်မြောက်လာပြီးနောက် သူမအား မုဒိန်းကျင့်သူတွေကို အရေးယူပေးဖို့ သိမ်ဇရပ်နယ်မြေရဲစခန်းမှာ တရားလိုပြုတိုင်းတန်းခဲ့တယ်လို့ ရဲစခန်းက ပြောပါတယ်။

ဖမ်းမိတဲ့ သံဃာအတုကို ဇူလိုင် ၂၃ ရက်နေ့က ကျိုက်ထိုစခန်းမှာ ချုပ်နှောင်ထားကာ တရားစွဲနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိမ်ဇရပ်နယ်မြေရဲစခန်းမှူး ရဲအုပ်တင်အောင်စိုးက ပြောပါတယ်။

"ဒီလူက မနက်ဆို ဘုန်းကြီးဝတ်ပြီး ညဆို လူဝတ်လဲ အရက်သောက်နေတဲ့သူပါ။ မလုပ်စားချင်လို့ ဘုန်းကြီးကျောင်း ကပ်နေတဲ့လူ။ အရက်မသောက်ရရင် မနေနိုင်တဲ့သူ။ သံဃာ့ဝိနည်းနဲ့ မညီတဲ့သူမျိုး။ ဖြစ်စဉ်ဖြစ်တော့လည်း ကောင်မလေးကို အခန်းထဲမှာ ၂ ရက်လောက် ပိတ်ပြီး မုဒိမ်းကျင့်တယ်လို့ ကောင်မလေးက လာတိုင်ထားတယ်။ တိုင်တဲ့နေ့ကတည်းက လူဝတ်နဲ့ထွက်ပြေးနေတာ။ သူ့ကို ဖမ်းဆီးရမိဖို့ ပြည်နယ်ရဲတပ်ဖွဲ့မှူး ညွှန်ကြားချက်နဲ့အညီ သက်ဆိုင်ရာနယ်မြေ အဖွဲ့အစည်းအသီးသီးကို သူ့ဓာတ်ပုံပေးပို့ပြီး ချိတ်ဆက်ဖမ်းဆီးဖို့ နေ့စဉ်ဆောင်ရွက်ခဲ့တယ်။ သူ့ကိုဖမ်းမိတာလည်း ထိုင်းဘက်ကမ်းနားက ထိုင်းဘုန်းကြီးကျောင်းမှာ တည်းနေရင်း ပြဿနာဖြစ်လို့ BGF အဖွဲ့ကို လှမ်းပြောတော့ BGF အဖွဲ့က ထိန်းသိမ်းထားလိုက်တယ်။ ဘုန်းကြီးတုရဲ့ တူမဖြစ်တဲ့သူက ကျနော်တို့ဆီဖုန်းဆက်တယ်။ သူဦးလေးကတော့ ဖမ်းမိထားတယ်ဆိုပြီးတော့ ကျနော်တို့က သွားခေါ်လာပြီး ခုချုပ်ထားတယ်။ သူ့ကို စစ်ဆေးနေတုန်းပဲ။ သူနဲ့အတူပါတဲ့ နှစ်ယောက်ကိုတော့ ဖြစ်စဉ်ဖြစ်တဲ့နေ့ကတည်းက ဖမ်းဆီးပြီး တရားစွဲဆိုထားတယ်' လို့ ပြောပါတယ်။

မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တဲ့ သံဃာအတုအား သိမ်ဇရပ်နယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ် ၃၇၆/ ၃၆၅/ ၁၁၄ /၃၄၂ နဲ့ အမှုဖွင့်လှစ်ပြီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

သတင်း - ယူမင်းစိုး၊ ဓာတ်ပုံ - ရဲစခန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013