DVB Logo
Home
မြန်မာသတင်း
ဆားလင်းကြီးတွင် မူလတန်းကျောင်း ပြောင်းရွှေ့ပေးရေး ဒုတိယအကြိမ်ဆန္ဒပြ
DVB
·
July 24, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်မှာ ပြောင်းရွှေ့ရွာက မူလတန်းကျောင်းကို ရွာသစ်မှာ ဖွင့်ပေးဖို့ ငွေသာကျေးရွာက ကျောင်းသားတွေအပါအဝင် လူပေါင်း ၂၀၀ ကျော်ဟာ ဇူလိုင် ၂၄ ရက်နေ့ မနက် ၉ နာရီက ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲဦးဆောင်သူ ကိုကျော်မျိုးဝင်းက "ဦးသာအေးလက်ထက်က ရွာက ဆည်ထက်နိမ့်နေလို့ အန္တရာယ်ရှိလို့ ပြောင်းရမယ်ဆိုလို့ ၂၀၁၂ ခုနှစ်က အိမ်တွေပါပြောင်းခဲ့ပြီးပြီ။ ခုထိ စာသင်ကျောင်းကြတော့ မပြောင်းပေးဘူး။ ကျန်ခဲ့တဲ့ ရွာဟောင်းမှာ ကျောင်းသားက ၃၄ ယောက်ပဲရှိတယ်။ ပြောင်းတဲ့ရွာမှာက ကျောင်းသား ၉၆ ယောက်ရှိတယ်။ စာသင်ကျောင်းပြောင်း ပေးဖို့ စာလည်း ခဏခဏတင်တယ်။ ဆောင်ရွက်ပေးတာ မရှိဘူး။ စာသင်ကျောင်းမရှိတဲ့အတွက် ကလေးတွေ အကုန်လုံး ကျောင်းမအပ်ရသေးဘူး။ အရင်နှစ်တွေကတော့ အဲဒီရွာမှာ သွားတက်တာ။ ဒီနှစ်ကတော့ ကလေးတွေအတွက် စိုးရိမ်လို့ သွားရတာ နည်းနည်းဝေးလို့မို့ ရွာသစ်မှာ ကျောင်းဖွင့်ပေးဖို့ တောင်းဆိုရတာပါ" လို့ ဒီဗွီဘီကိုပြောပါတယ်။

မူလ ငွေသာရွာက ဆည်ထက်နိမ့်နေပြီး အန္တရာယ်ရှိတာကြောင့်လို့ဆိုကာ ၁ မိုင်လောက်အကွာ နေရာသစ်ကို ပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် စာသင်ကျောင်းကိုတော့ ရွှေ့ပြောင်းခြင်း မရှိပါဘူး။

ကျောင်းရွှေ့ပြောင်းပေးဖို့နဲ့ပတ်သက်ပြီး ကျောင်းမဖွင့်ခင်ကတည်းက သက်ဆိုင်ရာကို အကြိမ်ကြိမ်စာတင်ခဲ့ပြီး မေလ ၆ ရက်နေ့မှာတော့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နဲ့ မြို့နယ်ပညာရေးမှုးတို့ လာရောက်ဖြေရှင်းခဲ့ပေမယ့် ပြေလည်မှုမရှိခဲ့ပါဘူး။

လက်ရှိမှာ ကျောင်းသား ၉၀ ကျော်ကို ၁၀ တန်းအောင်ပြီးသူတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ သင်ကြားပေးနေကြပါတယ်။ ဘယ်ကျောင်းမှာမှ ကျောင်းအပ်ရခြင်းမရှိသေးပါဘူး။ လက်ရှိ မူလတန်းလွန်ကျောင်းမှာ KG တန်းကနေ ၆ တန်းထိ သင်ကြားပေးနေပြီး ၇ တန်း၊ ၈တန်းကတော့ အုပ်စုကျောင်းမှာ တက်ရကာ အထက်တန်းကတော့ ဆားလင်းကြီးမြို့ပေါ်မှာ သွားရောက်ပညာသင်ကြားရတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာက ကလေးတွေရှေ့ရေးကိုကြည့်ကာ အမြန်ဆုံးပြေလည်အောင် ဖြေရှင်းပေးဖို့ လိုလားနေကြပါတယ်။

ဆန္ဒပြပွဲမှာ ငွေသာဆည်အောက်ရှိ အခြေခံမူလတန်းလွန်ကျောင်းပြောင်းရွှေ့ပေးရေး၊ ကျောင်းသား ၃၀ သာရှိတဲ့ ကျောင်းကနေ ကျောင်းသား ၉၀ ကျော်ရှိတဲ့ ရွာသစ်ကို ပြောင်းရွှေ့ပေးရေး၊ ရွာပြောင်းပေးပြီး ကျောင်းမပြောင်းပေးတဲ့ တာဝန်ရှိသူအားလုံး အလိုမရှိ စတဲ့ကြွေးကြော်သံတွေကိုလည်း ကြွေးကြော်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကလည်း တစ်ကြိမ် ဆားလင်းကြီးမြို့ပေါ်မှာ ကျောင်းပြောင်းရွှေ့ရေး ကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒပြခဲ့ကြပါသေးတယ်။ ဆားလင်းကြီးမြို့ ဗိုလ်ချုပ်လမ်း ကျန်စစ်သားလမ်းတို့အတိုင်း မြို့နယ်ပညာရေးမှူးရုံးရှေ့ သွားရောက်ဆန္ဒပြခဲ့ကြပြီး နေ့လယ် ၁၁ နာရီမှာ ရုပ်သိမ်းခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013