DVB Logo
Home
မြန်မာသတင်း
အထောက်အထားမဲ့အလုပ်သမား စိစစ်ရေးစခန်းများ ထိုင်းနိုင်ငံတ၀န်း စတင်ဖွင့်လှစ်
DVB
·
July 24, 2017
အထောက်အထားမဲ့အလုပ်သမား စိစစ်ရေးစခန်းများ ထိုင်းနိုင်ငံတ၀န်း စတင်ဖွင့်လှစ်
Donate to DVB

 

ထိုင်းနိုင်ငံထဲ အထောက်အထားမဲ့ ၀င်ရောက်လုပ်ကိုင်နေတဲ့ မြန်မာ၊ လောနဲ့ ကမ္ဘောဒီးယား နိုင်ငံခြား ရွှေ့ပြောင်းအလုပ်သမားတွေအတွက် တရားဝင်အလုပ်သမားမှတ်ပုံတင် လုပ်ဆောင်နိုင်ဖို့ စိစစ်ရေးစခန်းပေါင်း ၁၀၀ ကို တနိုင်ငံလုံးမှာ ဒီကနေ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။

ဒီစင်တာတွေဟာ ဘန်ကောက်ခရိုင် နယ်မြေ ၁၁ ခုနဲ့ ခရိုင်အသီးသီးမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး အထောက်အထားမရှိသူ အလုပ်သမားတွေအတွက် ဇူလိုင် ၂၄ ရက်နေ့ကနေ သြဂုတ် ၇ ရက်နေ့အထိ ၁၅ ရက်တာကာလအတွင်း နေ့စဉ် မနက် ၈ နာရီမှ ညနေ ၄ နာရီခွဲထိ ပိတ်ရက်မရှိ ဆောင်ရွက်ပေးမယ်လို့  ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာထားပါတယ်။

ပထမဆုံးရက်အခြေအနေနဲ့ ပတ်သက်ပြီး ဘန်ကောက်အလုပ်သမားဝန်ကြီးဌာနမှာ ဖွင့်လှစ်ထားတဲ့ စင်တာတခုကို ထိုင်းမတီချွန်းသတင်းဌာနမှ သွားရောက်သတင်းယူရာမှာ မနက် ၇ နာရီခွဲမှာ  တိုကင်ပြားစဝေကြောင်း၊ ၈ နာရီမှာ အလုပ်သမားစိစစ်ရေးစတင်ဆောင်ရွက်ပြီး တဦးကို အချိန် ၁၅ မိနစ်သာကြာမြင့်တယ်လို့ ဆိုပါတယ်။

အဆိုပါနေရာကို ထိုင်းအလုပ်သမားဝန်ကြီး ဗိုလ်မှူးကြီး ဆီရီချိုင်း ဒိစ်ဆကွန်း နဲ့ တာဝန်ရှိသူတွေ ကိုယ်တိုင်လာရောက်စစ်ဆေးကြည့်ရှုခဲ့ပြီး စင်တာတခုကို နေ့စဉ် လူပေါင်း ၁၅၀၀ စိစစ်ပေးမှာဖြစ်တဲ့အတွက် ရက်ပေါင်း ၁၅ ရက်အတွင်း အလုပ်သမားပေါင်း ၂ သိန်းခန့် လုပ်ပေးနိုင်မှာဖြစ်ကြောင်း၊ ဇွန်လ ၂၃ ရက်နေ့က ပြစ်ဒဏ်ပြင်းထန်တဲ့ ၂၀၁၇ အလုပ်သမား ဥပဒေကြေညာပြီးတဲ့နောက် အလုပ်သမားပေါင်း ၂ သိန်းကျော် ဥပဒေနဲ့ညီညွတ်အောင်လာေ ရာက် ဆက်သွယ်လုပ်ကိုင်ကြတဲ့အတွက်လည်း အလုပ်ရှင်တွေကို ကျေးဇူးတင်ကြောင်း ပြောကြားသွားပါတယ်။

စင်တာမှာ အလုပ်သမား လာရောက်စိစစ်မယ့်သူတွေဟာ အလုပ်ရှင်အလုပ်သမား စစ်စစ်တွေ ဖြစ်ရမှာဖြစ်ပြီး အငှားအလုပ်ရှင်တွေကို လက်မခံကြောင်း၊ လိုအပ်သော အထောက်အထားမှာ အလုပ်ရှင်ရဲ့ အမျိုးသားမှတ်ပုံတင်ကတ် မိတ္တူ နဲ့ လုပ်ငန်းလိုင်စင် (ရှိပါက)၊ အလုပ်သမားရဲ့ ၂ လက်မဆိုဒ် ပတ်စပို့ဓာတ်ပုံ ၃ ပုံပဲ လိုတယ်လို့ ဆိုပါတယ်။

စိစစ်ရေးအောင်တဲ့ အလုပ်သမားတွေဟာ မြန်မာအလုပ်သမားဆိုရင်  မယ်ဆိုင်၊ မယ်ဆောက်၊ ရနောင်း၊ ဆမွတ်ပရကန်နဲ့ ဆမွတ်ဆာခွန်း (၂) နေရာ စတဲ့ ၀မ်းစတောက်ပ်ဆား ဗစ်စင်တာတွေမှာ သွားရောက်ပြီး အစိမ်းရောင် (မည်သူမည်ဝါဖြစ်ကြောင်း သက်သေ) စီအိုင်စာအုပ်၊ ပြည်ဝင်ခွင့်ဗီဇာနဲ့ အလုပ်သမားကတ်တွေ သွားရောက်လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ကုန်ကျစရိတ်မှာ စီအိုင်စာအုပ်ကြေး ဘတ် ၃၁၀၊ ဗီဇာကြေး ဘတ် ၅၀၀၊ ကျန်းမာရေးဆေးစစ်ခ ဘတ် ၅၀၀၊ ကျန်းမာရေးအာမခံကြေး ဘတ် ၅၀၀ (၃ လစာ)၊ အလုပ်သမားမှတ်ပံတင်ကြေး ဘတ် ၅၅၀ (၂၀၁၈ မတ်လ ၃၁ ရက်ထိ သက်တမ်းရှိ) အားလုံးပေါင်း ဘတ် ၂၃၆၀ ကုန်ကျမှာ ဖြစ်ပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူး နိုင်းဝရားနွန်း ပိတိဝမ်းက ဒီ ၁၅ ရက်အတွင်း တ နိုင်ငံလုံးရှိ စင်တာပေါင်း ၁၀၀ ကနေ အလုပ်သမားပေါင်း တစ်သန်းခွဲကို စိစစ်ပေးနိုင်မယ်လို့ ခန့်မှန်းကြောင်း၊ ဒဏ်ငွေ ပြင်းထန်တဲ့ ၂၀၁၇ အလုပ်သမားဥပဒေကို အစိုးရက ရက်ပေါင်း ၁၈၀ ဆိုင်းငံ့ပေးထားပြီး ဒီနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ ကုန်ဆုံးမှာ ဖြစ်တဲ့အတွက် အလုပ်သမားတွေအနေနဲ့ ဒီကာလတွေအတွင်း သက်သေ အထောက်အထား ပြည့်စုံမှန်ကန်အောင် ဆောင်ရွက်ထား ကြဖို့ NBT  တီဗွီသတင်းကနေ မှာကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013