ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့အတွင်းရှိ ကျောက်ကြီးချောင်းအတွင်းမှ ရေလျှံတက်လာတဲ့ အတွက် ဇူလိုင် ၂၂ ရက်နေ့ကစတင်တာ ဒီနေ့အထိ ကျောက်ကြီးမြို့ပေါ်ရပ်ကွက်တွေအတွင်း ရေဝင်ရောက်ကာ လူနေအိမ်တွေ ရေနစ်မြုပ်ခဲ့ရပြီး လူဦးရေ ၁၀၇ အရေးပေါ် ပြောင်းရွှေ့ခဲ့ရတယ် လို့ ဒေသခံတချို့က ပြောပါတယ်။
ရေဘေးရှောင်တဦးဖြစ်သူ ပဲခူးရပ်ကွက်နေ ကိုဇင်က "မိုးကရွာနေတော့ အရင်နေထဲက ရေတက်နေတာ ၂၃ ရက်နေ့မှာတော့ရေက ထိုးတက်လာတာနေလို့ မရတော့ဘူး။ အိမ်တွေပါ မြုပ်ကုန်တာပေါ့။ အဲ့ဒါနဲ့ ပြောင်းလာရတာ"လို့ ပြောပါတယ်။
“ရေကတော့တန့်နေတယ်။ မကျသွားသေးဘူး။ ဒီနေ့ မနက်ကတော့ ရေဘေးရှောင်စခန်းကို ဌာနဆိုင်ရာက လူတွေလာပြီး ရေသန်ဗူးနဲ့ အစားအသောက်တွေ လှူတယ်ဗျ။ ရေကတော့ စိတ်မချရသေးဘူး။ ရေဘေးရှောင်စခန်းမှာ ကျန်းမာရေးစောင့်ရှောက်တာတွေတော့ မတွေ့ရဘူး။ ဒါပေမယ့် ဘာရောဂါမှဖြစ်တာ မကြားရဘူး”လို့ ကျောက်ကြီးမြို့နေ ကိုသားကြီးက ပြောပါတယ်။
ကျောက်တခါးမြို့မရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ်အောင်ကျော်မင်းက "ချောင်းရေကတော့ နည်းနည်း ထပ်တိုးလာတယ်။ စခန်းကိုလူတွေတော့ ထပ်မရောက်လာသေးဘူး။ မနေ့က အတိုင်းဘဲ။ လူဦးရေကတော့ ချောင်းရေထပ်တိုးလာတော့ မြို့ပေါ်မှာ သိပ်မသိသာဘူး။ ဒါပေမယ့် ကျောက်ကြီး-မုန်းသွားတဲ့ ကားလမ်းမှာတော့ ရေတက်လာတယ်ဗျ"လို့ ပြောပါတယ်။
ကျောက်ကြီးမြို့လယ်ကို ဖြတ်သန်းစီးဆင်းနေတဲ့ ကျောက်ကြီးမြို့လယ်ချောင်းမှ ဇူလိုင် ၂၂ ရက်နေ့ ညဦးပိုင်းမှစတင်ပြီး ချောင်းရေလျှံတက်လာတဲ့အတွက် ချောင်းနံဘေး ကပ်ကြေး ရပ်ကွက်နဲ့ ပဲခူးရပ်ကွက် အပိုင်း(၁)ရှိ အိမ်ထောင်စု ၂၄ စု လူဦးရေ ၁၀၇ ဦးတို့ရဲ့ နေအိမ်တွေ ရေနစ်မြုပ်တဲ့အတွက် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပရဟိတအဖွဲ့တွေက သွားရောက် ကယ်ဆယ်ဆောင်ရွက်ခဲ့ရတယ်လို့ အုပ်ချုပ်ရေး တာဝန်ရှိသူတဦးက ပြောပါတယ်။
ပဲခူးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်ဇော်က "ဒီမှာကတော့ ၈ နှစ်ကို တကြိမ်လောက် ရေကြီးတယ်။ အခုလည်း ရေတက်လာတော့ ချောင်းဘေးကရပ်ကွက်တွေကို ကယ်ဆယ်ရေး လုပ်ပေးရတာပါ။ ရေဘေးရှောင်တဲ့ သဘောပေါ့။ အဲ့ဒါကြောင့် မြို့တွင်း ဘုန်းကြီးကျောင်းမှာ ကယ်ဆယ်ရေးစခန်း ဖွင့်ပေးခဲ့တာပါ။ အိမ်ထဲကို ရေတွေဝင်တော့ သွားရေးလာရေးနဲ့ ကလေးတွေအတွက် အခက်အခဲရှိလို့ပါ"လို့ ပြောပါတယ်။
ရေဘေးသင့်အိမ်ထောင်စုဝင်တွေကို ကျောက်ကြီးမြို့ ပဲခူးရပ်ကွက်ဘုန်းတော်ကြီးကျောင်း မိုးကုတ်ဓမ္မာရုံနဲ့ ကသစ်ဝိုင်းဓမ္မရိပ်သာကျောင်းတိုက်တို့မှာ ယာယီကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ကာ နေရာရွှေ့ပြောင်း ကူညီစောင့်ရှောက်ထားပြီး စားဝတ်နေရေး အဆင်ပြေနိုင်စေရေး အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းတွေက စုပေါင်းပြီး စီစဉ်ဆောင်နေတယ်လို့ သိရပါတယ်။
အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းတဲ့အတွက် ပဲခူးတိုင်း ကျောက်တံခါး မြို့ပေါ် ရပ်ကွက်အချို့မှာလည်း ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေပြီး စစ်တောင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ကျောက်ကြီးမြို့နယ်နဲ့ ကျောက်တံခါးမြို့နယ်အတွင်းရှိ လယ်မြေတွေ အတွင်း ရေတွေဝင်ရောက်မှုရှိကာ စိုက်ပျိုးထားတဲ့ စပါခင်းတွေလည်း ရေနစ်မြုပ်နေခဲ့ရပါတယ်။ ကျောက်တံခါးမြို့နယ်အတွင်းရှိ အရှည်ပေ ၂၇၀ လောက်ရှိတဲ့ ကျေးရွာတွေက စုပေါင်း ဆောက်လုပ်ထားတဲ့ ချောင်းကူးတံတာတခုလည်း ပျက်စီးကာ ရေမျောပါခဲ့ပါတယ်။
သတင်း - ကျော်အောင် (ကညွတ်ကွင်း)











