ဘူးသီးတောင်တွင် ရဲမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦး စက်လှေမှောက် ပျောက်ဆုံးနေ
DVB
·
July 24, 2017
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ အမှတ် ၃ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ တောင်ဘဇာနယ်မြေမှ နယ်မြေမှူး၊ ရဲမှူးတဦးအပါအဝင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် လေးဦး ဇူလိုင်လ ၂၃ ရက် ည ၇ နာရီလောက်က စက်လှေနစ်မြုပ်ရာမှ ပျောက်ဆုံးနေပါတယ်။
ဘူးသီးတောင် မြို့နယ်ထဲမြောက်ပိုင်းက ကျေးရွာတွေမှာ နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်ပြီး တောင်ဘဇာကို ပြန်လာဖို့ ကျောင်းတောင်ရွာက စက်လှေ သုံးစီးနဲ့ ထွက်ခွာလာခဲ့တဲ့အခါ နောက်ဆုံးမှာ ကျန်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၇ ဦးပါ စက်လှေဟာ ကျွန်းပေါက်၊ ပဲသဒူရွာနားမှာ စက်ကို မထိန်းနိုင်ပဲ နစ်မြုပ်ခဲ့တာလို့ တောင်ဘဇာနယ်မြေရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
စက်လှေပေါ်မှာ ရဲတပ်ဖွဲ့ဝင် ၇ ဦးနဲ့ စက်လှေမောင်းသူတို့ လိုက်ပါလာပြီး တောင်ဘဇာ နယ်မြေမှူး ရဲမှူး ရဲဇော်ထွဋ်၊ ရဲတပ်ကြပ် ခင်မောင်သန်း၊ ရဲဒုတပ်ကြပ် ကိုကိုအောင်နဲ့ ရဲဒုတပ်ကြပ် ထွန်းလင်းထိုက် တို့လေးဦးကတော့ ဒီနေ့ မနက်ပိုင်းအထိ ပျောက်ဆုံးနေပြီး ရဲတပ်ဖွဲ့ဝင် သုံးဦးနဲ့ စက်လှေမောင်းသူ မူစတာဖာကတော့ ရေကူးလွတ်မြောက်လာတယ်လို့ သိရပါတယ်။
နစ်မြုပ်သွားတဲ့ စက်လှေကို ကျွန်းပေါက်ရွာအနားမှာ ပြန်လည်ရှာတွေ့ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်တဲ့ သေနတ် ၂ လက်ကိုလည်း စက်လှေနဲ့အတူ ရရှိခဲ့ပါတယ်။ ပျောက်ဆုံးနေတဲ့ အဖွဲ့တွေကို တပ်မတော်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။