DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ် မြို့ဝင်ကြေးကောက်ခံရငွေများကို ဒေသဖွံ့ဖြိုးရေးအတွက် သုံးမည်
DVB
·
July 23, 2017
မွန်ပြည်နယ် မြို့ဝင်ကြေးကောက်ခံရငွေများကို ဒေသဖွံ့ဖြိုးရေးအတွက် သုံးမည်
Donate to DVB

မွန်ပြည်နယ်၊ ၁၀ မြို့နယ်လုံးမှာ မြို့ဝင်ကြေး ကောက်ခံရရှိငွေတွေကို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် အသုံးချသွားမယ်လို့ စည်ပင်က ပြောပါတယ်။

မြို့ဝင်ကြေးတွေကို ယခင်နှုန်းထားအတိုင်း ကောက်ခံနေပြီး ဂိတ်စခန်းတွေ များပြားလာတဲ့အတွက် ယာဉ်မောင်းပြည်သူတွေရဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက “ကောက်ခံရရှိငွေတွေကို မြို့နယ်ဖွံ့ဖြိုးရေးတွေအတွက် သုံးတယ်။ တိုက်ရိုက်တော့ မသုံးဘူး။ သတ်မှတ်ထားတဲ့ ငွေစာရင်းမှာသွင်း၊ ဘဏ်မှာသွင်းပြီးမှ အချိုးကျခွဲဝေသုံးပါတယ်။ ကျနော်တို့ စည်ပင်ကလုပ်နေတဲ့ လမ်းခင်းတာတို့ ရုံးကလုပ်နေတာတွေ အားလုံးက အဲဒီငွေတွေလည်း ပါတယ်” လို့ ပြောပါတယ်။

မြို့ဝင်ကြေးကောက်ခံမှု လုပ်ငန်းဟာ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်ဖြစ်ပေမယ့်လည်း အရင်အစိုးရလက်ထက်က ရွှေသံလွင်နဲ့ အေကေ ကုမ္ပဏီတို့ကို လုပ်ပိုင်ခွင့်ပေးထားခဲ့ပြီးနောက် အခုအစိုးရလက်ထက်မှာ စည်ပင်သာယာရေး ဦးစီးဌာနမှ ၀န်ထမ်းတွေက တာဝန်ယူ ကောက်ခံနေပြီး ကုမ္ပဏီတွေကို လိုင်စင်ချပေးမယ့်အစား သက်ဆိုင်ရာ စည်ပင်သာယာရေး ဦးစီးဌာနကို တိုက်ရိုက်လွှဲပြောင်းပေးထားတဲ့အတွက် အခက်အခဲတချို့ရှိနေကြောင်း မွန်ပြည်နယ် စည်ပင်သာသာရေးဦးစီးဌာနက ပြောပါတယ်။

မွန်ပြည်နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က “ယခင်က ရွှေသံလွင် နဲ့ အေးကို မိသားစုကို လေလံသဘောမျိုးနဲ့နှစ်စဉ် ပေးထားတယ်။ အခု ၁၀ မြို့နယ်လုံး မှာ ကျနော်တို့ ၀န်ထမ်းတွေ နဲ့ကောက်ခံရတာဆိုတော့ ၂၄ နာရီလုံးလုံး အလုပ်လုပ်ရတော့ ပင်ပန်းတာပေါ့။ ၀န်ထမ်းတွေ သွားရေးလာရေး၊ နေဖို့ထိုင်ဖို့တော့ အခက်ခဲတွေဖြစ်ပါတယ်။ ရွှေသံလွင်ကတော့ သူတို့ ဂိတ်ကြီးတွေကို သေချာစနစ်တကျပေါ့။ ကျနော်တို့ကတော့ တမြို့နယ်မှာ ဂိတ်တခု၊နှစ်ခု လိုက်ဖွင့်ပြီးတော့ မိုးရွာရင်လည်း မိုးရွာသလို၊ နေပူရင်လည်း ပူသလိုအခက်ခဲရှိပါတယ်”လို့ ပြောပါတယ်။

မြို့ဝင်ကြေးကောက်ခံနှုန်းထားကို ၂၀၀၊ ၃၀၀၊ ၅၀၀ စသဖြင့် ယာဉ်အမျိုးအစားအပေါ်မူတည်ပြီး ယခင်အတိုင်း ကောက်ခံနေပေမယ့် ကုမ္ပဏီတွေကို နောက်ပိုင်းမှာ လေလံတင်ပြီး လိုင်စင်ချ ထားခြင်း ရှိ၊မရှိကိုလည်း ပြည်နယ်အစိုးရရဲ့ သဘောထားအတိုင်း ဆောင်ရွက်ရမယ်လို့ ဆက်လက်ပြောပါတယ်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရဲ့ ကောက်ခံနှုန်းထားဟာ ယခင်နှစ်က လေလံအောင်မြင်နှုန်းသိန်း ၅၀၀ သာရှိပြီး အခုနှစ်မှာတော့ တရက်တာ ကောက်ခံနှုန်းထား ၈ သိန်း ၅သောင်း၊ တစ်နှစ်တာ အတွက် သိန်း ၃၀၆၀ ကောက်ခံရရှိနေတဲ့အတွက် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဥက္ကဋ္ဌတွေရဲ့ ဆန္ဒအရ လေလံမချပေးတော့ဘဲ ပိုလျှံငွေ သိန်း ၂၅၀၀ ကျော်ကို လမ်းတံတားတွေနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် အသုံးပြုသွားမယ်လို့ သိရပါတယ်။

အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013