DVB Logo
Home
မြန်မာသတင်း
မြင်းခြံ ရေဘေးရှောင်ပြည်သူများ စားဝတ်နေရေး အခက်ကြုံ၊ စာသင်ကျောင်း ၅၀ ခန့် ယာယီပိတ်
DVB
·
July 22, 2017
မြင်းခြံ ရေဘေးရှောင်ပြည်သူများ စားဝတ်နေရေး အခက်ကြုံ၊ စာသင်ကျောင်း ၅၀ ခန့် ယာယီပိတ်
1 / 6
Donate to DVB

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်က ရေဘေးရှောင်ပြည်သူတွေ ဘုန်းကြီးကျောင်းတွေနဲ့ လမ်းဘေးဝဲယာတွေမှာ ခိုလှုံနေကြရပြီး စားဝတ်နေရေး အခက်ကြုံနေရသလို စာသင်ကျောင်း ၅၀ ခန့်လည်း ယာယီပိတ်ထားရပါတယ်။

ဧရာဝတီမြစ်ရေဟာ ဇူလိုင်လ လဆန်းပိုင်းလောက်ကစပြီး မြင့်တက်လာတာကြောင့် ရေဘေးရှောင် ပြည်သူတွေဟာ မြင်းခြံမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းတွေနဲ့ လမ်းဘေးဝဲယာတွေမှာ မှီခိုနေကြရပြီး စာဝတ်နေရေးအခက်အခဲ ကြုံတွေ့နေရတယ်လို့ ရေဘေးရှောင်ပြည်သူတဦးက ပြောပါတယ်။

မြင်းခြံ ကိုးဆောင်ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ရေဘေးရှောင် ပြည်သူတဦးက “ခု ရေဘေးရှောင်လာတာက ၁၅ ရက်လောက်ရှိပြီ ဟိုရက်တွေကတော့ အိမ်ကပါလာတာလေးတွေနဲ့ စားသောက်နေရတော့ အဆင်ပြေတာပေါ့။ ရေက ကောင်းကောင်းမကျသေးတော့ ရွာပြန်ဖို့ကလည်း မလွယ်သေးဘူး။ ခုတော့ ကြုံရာကျပန်း အလုပ်တွေ လိုက်လုပ်နေကြတာပါ၊ ဘယ်သူမှတော့ လာရောက်ကူညီတာ မရှိသေးပါဘူး။ ဘယ်အဖွဲ့အစည်းမှလည်း လာရောက်ကူညီတာမရှိသေးပါဘူး။ အဓိက ယင်လုံအိမ်သာ လိုအပ်ပါတယ်။ ဒီ ဘုန်းကြီးကျောင်းမှာ ရေဘေးရှောင်သူတွေက ၄၀၀ နီးပါးရှိတယ်။ အိမ်သာက ၂ လုံးတည်းဆိုတော့ ဘယ်လိုမှ အဆင်မပြေပါဘူး။ လိုအပ်ချက်တွေကတော့ အများကြီးပါပဲ။ အဓိက စားစရာမရှိဖြစ်မှာပဲ စိတ်ပူတာပါ။”

နှစ်စဉ် ဧရာဝတီမြစ်ရေ မြင့်တက်တိုင်း ရေဘေးရှောင်တဲ့ ကျေးရွာတွေ မြင်းခြံမြို့ပေါ်နဲ့ နီးစပ်ရာ ဒေသအသီးသီးတွေမှာ ပြောင်းရွှေ့နေထိုင်ကြရပြီး အနည်းဆုံး ရက်ပေါင်း ၄၅ ရက်လောက် ရေဘေးရှောင်နေကြရတာပါ။

မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးညီညီအောင်က “ရေဘေးရှောင်တဲ့ ဒေသတွေ၊ စခန်းတွေရှိတဲ့ လူတွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းတွေမှာ ယင်လုံအိမ်သာ ဆောက်ပေးဖို့အတွက် အလှူရှင်တွေ ရပ်ကွပ်အုပ်ချူပ်ရေးမှူးတွေ ညှိနှိုင်းပြီး ဆောင်ရွက်ပေးနေပါတယ်။ မီးလင်းရေးဆိုတာကတော့ လမ်းဘေးနေသူတွေက လျှပ်စစ်ဓာတ်တိုင်ရှိတဲ့အတွက် ကိစ္စမရှိပေမယ့် တချို့ ကျေးရွာဘေးရှိ လယ်ကွက်တွေပေါ်မှာ နေတဲ့သူတွေအတွက်ကတော့ ညပိုင်းတွေ မီးမလင်းရင် မလိုလားအပ်တဲ့ ပြဿနာဖြစ်မှာ စိုးတဲ့အတွက် ပတ်ဝန်းကျင်အနီးနားရှိ အိမ်တွေက မီးကြိုးသွယ်တန်းကာ လမ်းမီးသဘောမျိုး စီစဉ်ပေးထားတာရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့က ကျန်းမာရေးဆေးပေးခန်းတွေ ဖွင့်ခိုင်းထားပါတယ်။ သောက်သုံးရေအတွက်ကတော့ စည်ပင်၊ မီးသတ်ကားနဲ့ အလှူရှင်တို့ကနေ ဖြန့်ဝေပေးခိုင်းတာမျိုးရှိပါတယ်။ မြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးရှောင်လာတဲ့ စာရင်းတွေကို ခရိုင်ကိုတင်ပြထားသလို့ တိုင်းဒေသကြီး လူ/ကယ် ပြန်ကိုလည်း တင်ပြထားတာရှိတယ်။ လူ/ကယ်ပြန်ရဲ့ခွင်ပြုချက်နဲ့ ရေဘေးရှောင်သူတွေကို ဆန်၊ ခေါက်ဆွဲခြောက်၊ ဆီ စတာတွေကို ထောက်ပံ့ပေးသွားဖို့ အစီအစဉ်ရှိပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြင်းခြံမြို့နယ်မှာ ရေဘေးရှောင်သူဦးရေ ၅၂၈၉ ယောက်၊ ကျေးရွာအုပ်စုပေါင်း  ၆ အုပ်စု၊ ကျေးရွာပေါင်း ၁၃ ရွာ၊ မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်နဲ့ စာသင်ကျောင်း ၄၉ ကျောင်း ပိတ်ထားရပြီး ကျွဲ ၄၃ ကောင်၊ နွား ၁၄၈၆ ကောင်၊ ဆိတ် ၅၆ ကောင်တို့ ရေဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြရတယ်လို့ သိရပါတယ်။

သတင်း၊ဓာတ်ပုံ-ရီရီထွန်း (မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013