DVB Logo
Home
မြန်မာသတင်း
ကျိုက်ထို ရေဘေးသင့်ပြည်သူများအတွက် ကျပ်သိန်း ၆၀ ကျော် ထောက်ပံ့
DVB
·
July 22, 2017
ကျိုက်ထို ရေဘေးသင့်ပြည်သူများအတွက် ကျပ်သိန်း ၆၀ ကျော် ထောက်ပံ့
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ရေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနက ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့ပါတယ်။

မွန်ပြည်နယ် ၁၀ မြို့နယ်ထဲက ကျိုက်ထိုမြို့နယ်မှာ မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းပြီး ကဒတ်တောင်ကျရေကြောင့် ရေကြီး ရေလျှံနေပြီး ဇူလိုင်လနောက်ဆုံးအပတ်အထိ စစ်ဆေးချက်အရ ကျိုက်ထိုမြို့နယ်မှာ ရေကြီးမှုဒဏ် အဆိုးဆုံးခံစားနေရကြောင်း မွန်ပြည်နယ်၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနက ပြောပါတယ်။

ကျိုက်ထိုမြို့နယ်မှာ နောက်ဆုံးစာရင်းများအရ ရေဘေးသင့်ပြည်သူ ၂၉၀၀ ကျော်အထိရှိလာပြီး ဇူလိုင် ၂၁ ရက်အထိ မွန်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက စားနပ်ရိက္ခာတွေနဲ့ အိမ်ဆောက်ပစ္စည်းတွေအတွက် သိန်း ၆ဝ ကျော် ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

“လက်ရှိကတော့ ပြောင်းရွှေ့နေရတဲ့လူဦးရေ ၂၉၀၀ အတွက် ၇ ရက်စာ ဆန်ဖိုးငွေ ထောက်ပံ့ထားတယ်။ တယောက်ကို ၂၁၀၀ နှုန်းနဲ့ သိန်း ၆၀ နဲ့ ၉ သောင်း ထောက်ပံ့ထားပါတယ်။ ကျိုက်ထိုမှာ ရေကြီးတဲ့ဒဏ် ဆိုးဆိုးရွားရွား ခံစားနေရတယ်။ ခါတိုင်း ၂၀၁၅ တုန်းက ဒီအချိန်ဖြစ်တာ သထုံ၊ ဘီးလင်း၊ ကျိုက်ထို ၃ မြို့နယ်လုံးဖြစ်တယ်” လို့ မွန်ပြည်နယ် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးငြိမ်းချမ်းကျော်က ပြောပါတယ်။

လက်ရှိမှာ မွန်ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး၊ ကျိုက်ထိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်တို့နဲ့ သထုံခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးတို့ စုပေါင်းပြီး ကွင်းဆင်းထောက်ပံ့ပေးနေပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံလည်း လာရောက်ထောက်ပံ့ပေးမှာဖြစ်ကြောင်း သထုံခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။

“ဒီနေ့ ဇူလိုင် ၂၂ မှာ ၀န်ကြီးချုပ်ကလည်းလာပြီး ကူညီထောက်ပံ့ပေးမှာပါ။ မွန်ပြည်နယ်အစိုးရ ကယ်ဆယ်ရေးအဖွဲ့ကလည်း သဘာဝဘေးအတွက် လူတဦးကို ဆန်တစ်ပတ်စာ ထောက်ပံ့ပေးထားပါတယ်။ ကလေးလူကြီး မခွဲဘူး။ တရက်ကို ဆန် ၂ ဘူးစာ ငွေသား ပေးတယ်။ အိမ်ပြိုတာတွေ ရှိတဲ့အတွက် ပြိုတဲ့အိမ်မပေါ် မူတည်ပြီးတော့ ထောက်ပံ့ပေးတယ်။ ဆန်အိတ် ၁၂၀ တို့၊ ရေသန့်ဘူးတွေလည်း ထောက်ပံ့ဖို့ရှိပါတယ်”

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာမှာ မိုးရေချိန် ၁၃ ဒသမ ၂၃ လက်မခန့် ဇူလိုင်လ ၂၀ ရက်နေ့က ရွာသွန်းခဲ့ပြီး ကျိုက်ထိုမှာ ၈ ဒသမ ၉၈ လက်မခန့် ရွာသွန်းခဲ့ကြောင်း၊ ၁၉၉၇ ခုနှစ်နောက်ပိုင်း မိုးရွာသွန်းမှု ဒုတိယ အများဆုံးဖြစ်ကြောင်း၊ ရေကြီးမှုကြောင့် မော်တော်ယာဉ်တွေ သွားလာရခက်ခဲပြီး ခရီးကြန့်ကြာနေတဲ့အပြင် ဇူလိုင် ၂၁ ရက်နေ့ကလည်း မော်လမြိုင်က ရန်ကုန်ကို ခုန်မောင်းလာတဲ့ အမှတ် (၃၆) အစုန် ရထားတစင်းလည်း ခရီးစဉ် ရပ်နားလိုက်ရတယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ် ဧပြီလမှ ဒီနေ့အထိ သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးသူ ၃ ဦးထက် မနည်းရှိနေပြီး မီးလောင်မှုက ပျက်စီရှုံးမှု အများဆုံးဖြစ်ကြောင်း၊ မွန်ပြည်နယ်ရေကြီးမှုမှာ ကျိုက်ထိုမြို့နယ်က အဆိုးရွားဆုံးဖြစ်ကြောင်း မွန်ပြည်နယ်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သိရပါတယ်။

သတင်း-အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013